Hello Everyone! My Page is still under construction! Thank You for your visit.

(ခ) စိန်မေရီစာသင်ကျောင်းအား ပြည်သူပိုင်သိမ်းခြင်း

            ချင်းပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအုတ်မြစ်တည်ခါစ၊ အရှိန်အဟုန် တိုးတက်ရန် စတင်နေချိန်တွင် သာသနာတော်အတွက် အလွန်ဝမ်းနည်းဖွယ် ကိစ္စတစ်ရပ် ပေါ်ပေါက်လာသည်။ ၎င်းမှာ မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသော သာသနာပိုင် စာသင်ကျောင်းများအား ပြည်သူပိုင်သိမ်းဆည်းခြင်းနှင့်

မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ရောက်ရှိလာသော နိုင်ငံခြားသား သာသနာပြု ဘုန်းတော်ကြီးများနှင့် သီလရှင်များအား မြန်မာပြည်မှ ထွက်ခွာရန် တော်လှန်ရေးကောင်စီစစ်အစိုးရမှ အမိန့်ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် Fr. Dixneuf စိန်မေရီစာသင်ကျောင်းသည်လည်း ၁၉၆၆ ခုနှစ် ဧပြီလ () ရက်နေ့တွင် ပြည်သူပိုင်ကျောင်းအဖြစ် တော်လှန်ရေးကောင်စီ စစ်အစိုးရက သိမ်းယူခဲ့ပါသည်။

            ယင်းသို့ မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ စစ်အစိုးရက သာသနာပိုင်ကျောင်းများ သိမ်းယူသောအခါ ကျောင်းအဆောက်အဦများကိုသာ သိမ်းယူခြင်းမဟုတ်ဘဲ သာသနာမြေကို သိမ်းယူခြင်းဖြစ်၍ သာသနာပိုင်မြေ ပေါ်ရှိ အားကစားကွင်းနှင့် အခြားသော အဆောက်အဦးများလည်း ပါသွားခဲ့ပါသည်။ ထို့ကြောင့် စိန်မေရီ စာသင်ကျောင်း အဆောက်အဦအပြင် ပုံနှိပ်စက်ထားရှိရာ အဆောက်အဦနှင့် ဓမ္မဆရာနေအိမ်များသည်လည်း သိမ်းဆည်းခြင်းခံခဲ့ရသည်။ ထို့ကြောင့် ကလေးမြို့တွင် သာသနာပိုင်မြေနှင့် ပတ်သက်၍ အငြင်းပွားစရာ ပြသာနာများ ပေါ်ပေါက်လာသည်။

            အထူးသဖြင့် သာသနာမြေနှင့် ပတ်သက်၍ တာဝန်ခံသူမှာ နိုင်ငံခြားသား Fr. Dixneuf ဖြစ်နေခြင်းနှင့် ၎င်းမြေကွက်ဝယ်ယူမှုနှင့် ပတ်သက်သော စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံစွာ မရှိခြင်းတို့သည် အဓိကပြသာနာများပင်ဖြစ်သည်။ စာရွက်စာတမ်း အထောက်အထားများ မပြနိုင်ခြင်း၏ အကြောင်းအရင်းမှာ Fr. John U Maung Galay သည် ၁၉၅၈ ခုနှစ် အောက်တိုဘာလတွင် တာဟန်းမှ ပြောင်းရွှေ့သွားပြီးနောက် () အကြာတွင် သူ၏ အကျိုးဆောင် U Kam Za Nang လည်း ကွယ်လွန်သွားခြင်းကြောင့်ဖြစ်သည်။ ၎င်းမြေကွက် ပြသာနာများအား ကူညီဖြေရှင်းပေးရန် ဆရာတော်ကြီးက မြန်မာနိုင်ငံသား ဘုန်းတော်ကြီး Fr. Peter U Mya Aung အား တီးတိန်မြို့နယ် Suangpi ရွာမှ ကလေးမြို့သို့ ၁၉၆၆ ခုနှစ်တွင် ပြောင်းရွှေ့စေလွှတ်ခဲ့သည်။

            Fr. Dixneuf သည် ၁၉၁၃ ခုနှစ် ဇွန်လ (၂၉) ရက်နေ့၌ ပြင်သစ်နိုင်ငံတွင် မွေးဖွားပြီး ၁၉၃၇ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့တွင် ရဟန်းသိက္ခာခံယူခဲ့ပါသည်။ ရဟန်းသိက္ခာခံယူပြီး တစ်လအကြာတွင် မြန်မာနိုင်ငံ မန္တလေးသာသနာသို့ ရောက်ရှိလာပြီး Fr. Lafon ကျောင်းတွင် အင်္ဂလိပ်စာနှင့် မြန်မာစာ သင်ယူခဲ့သည်။ ထို့နောက် ၁၉၃၈ မှ ၁၉၄ဝ ပြည့်နှစ်အထိ မြင်းခြံမြို့တွင်လည်းကောင်း၊ ၁၉၄ဝ မှ ၁၉၄၆ ခုနှစ်အထိ တောင်တွင်းကြီးမြို့နယ် ညောင်ပင်သာရွာတွင်လည်းကောင်း၊ ၁၉၄၇ မှ ၁၉၅၈ ခုနှစ်အထိ ဖလမ်းမြို့တွင် လည်းကောင်း၊ ၁၉၅၉ မှ ၁၉၇၂ အထိ ကလေးမြို့တွင်လည်းကောင်း အမှုတော်ထမ်းဆောင်ခဲ့သည်။

            Fr. Dixneuf သည် မြန်မာပြည် လွတ်လပ်ရေး မရရှိမှီကပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသူဖြစ်၍ မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်လိုပါက နေထိုင်ခွင့်ရှိသူဖြစ်သည်။ Fr. Dixneuf အနေနှင့်လည်း မြန်မာနိုင်ငံတွင် ဆက်လက်နေထိုင်လိုပါသည်။ သို့သော် ၁၉၇၂ ခုနှစ် ဇန်နဝါရီ (၁၃) ရက်နေ့တွင် မန္တလေး ဆရာတော်ကျောင်းတိုက်၌ နှစ်စဉ်ပြုလုပ်သော ဝတ်စောင့်ပွဲသို့ သွားရောက်ခဲ့ရာ သူ၏ အနာရောဂါ ရုတ်တရက် ပြန်ပေါ်လာပါသဖြင့် ပြင်သစ်နိုင်ငံသို့ မလွှဲမရှောင်သာ ပြန်သွားရမည့်အခြေအနေ ဖြစ်လာသည်။ ထို့ကြောင့် Fr. Dixneuf သည် ၁၉၇၂ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် သူအလွန်ချစ်မြတ်နိုးသော ဘာသာဝင်များနှင့် သူတည်ထောင်ဖွင့်လှစ်ခဲ့သော စိန်မေရီကျောင်းတော်ကြီးကို နှုတ်ဆက်ကာ ကလေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာပြီး ရန်ကုန်မြို့မှ ပြင်သစ်နိုင်ငံသို့ မေလ () ရက်နေ့တွင် အပြီးအပိုင် ထွက်ခွာသွားခဲ့ပါသည်။