Hello Everyone! My Page is still under construction! Thank You for your visit.

(က) Rev. Fr. Joseph Dixneuf MEP နှင့်စိန်မေရီ

(က) Rev. Fr. Joseph Dixneuf MEP နှင့်စိန်မေရီ 

Rev. Fr. Joseph Dixneuf MEP (1959 – 1972)

            ၁၉၅၉ ခုနှစ်တွင် တာဟန်း၌ ကက်သလစ်ဘာသာတူအိမ်ခြေ (၃ဝ) ခန့်ရှိပြီဖြစ်ပြီး ကလေးမြို့တွင်မူ (၁ဝ) ခန့်သာရှိသည်။ သို့ရာတွင် Fr. Dixneuf က ကလေးမြို့သည် နောင်တစ်ချိန်တွင် မြို့ကြီးတစ်မြို့ဖြစ်လာမည်ဟု အမြော်အမြင်ကြီးစွာ တွက်ဆထားပြီဖြစ်၍ Fr.John Muang Galay ဝယ်ယူထားသည့် မြေကွက်ပေါ်တွင် စာသင်ကျောင်း ဆောက်လုပ်ခဲ့ပါသည်။ ၎င်းစာသင်ကျောင်း ဆောက်လုပ်နိုင်ရေးအတွက် ကက်သလစ် ဘာသာတူများသာမက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော မြို့သူကြီး ဦးဘကျော်နှင့် မြို့မိမြို့ဖများကလည်း အင်တိုက်အားတိုက် ပါဝင်လျက် မြေကွက်တိုးချဲ့ပေးခြင်းနှင့် ကုန်ကျစရိတ်များ ပံ့ပိုးပေးခြင်းဖြင့် အားပေးကူညီ ခဲ့ကြသည်။ ၁၉၅၉ ခုနှစ်၊ ဇွန်လ () ရက်နေ့တွင် ကျောင်းများပြန်ဖွင့်မည် ဖြစ်သဖြင့် Fr. Dixneuf သည် ကျောင်းဖွင့်အမှီ ပြီးစီးနိုင်ရန် အလွယ်တကူ ရရှိနိုင်သော သစ်နှင့်ဝါးများ အမြန်စုဆောင်း၍ စာသင်ကျောင်းကို အမြန်ဆောက်လုပ်ခဲ့ရာ ဇွန်လ () ရက်နေ့တွင် ကျောင်းဖွင့်နိုင်ခဲ့သည်။

            Fr. Dixneuf သည် ၁၉၅၉ ခုနှစ် တစ်နှစ်လုံး စိန်မေရီစာသင်ကျောင်းနှင့် အလုပ်များနေ၍ ဘာသာတူများနှင့် အတူတကွ ဝတ်ပြုဆုတောင်းရန်နှင့် ဘာသာတူများအား ကြည့်ရှုစောင့်ရှောက်ရန် အချိန်မပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ၁၉၆ဝ ပြည့်နှစ်တွင် ဆရာတော်ကြီး Bishop Faliere သည် ချင်းလူမျိုးထံမှ ပထမဆုံးသော ဘုန်းတော်ကြီး Fr. Flavian U Hrang Hluan အား Fr. Dixneuf ကို ကူညီရန်အတွက် တာဟန်းသို့ စေလွှတ်ခဲ့သည်။

            Fr. Dixneuf သည် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျသော ချင်းလူငယ်များ၏ ပညာရေးအတွက် စိန်မေရီ စာသင်ကျောင်းဖွင့်လှစ်ပေးခဲ့သည့်အပြင် တီးတိန်၊ ဖလမ်း၊ လိုင်ဇိုး၊ ဇန်ညပ်၊ ဟားခါး စသော ချင်းလူမျိုးအသီးသီး၏ ဘာသာစကားများဖြင့် ဆုတောင်းမေတ္တာများ ဓမ္မသီချင်းများနှင့် ဘုရားစကားများ ပုံနှိပ်နိုင်ရန် ကာသိုလိပ် ပုံနှိပ်တိုက်ကိုလည်း တည်ထောင်ပေးခဲ့သည်။ Fr. Dixneuf သည် ချင်းလူငယ်တစ်ဦးဖြစ်သူ Marius Tuang Do Thang အား ပုံနှိပ်လုပ်ငန်းနှင့် ပတ်သက်သည့်ပညာရပ်များအား () နှစ် သင်ကြားရန် တောင်ငူမြို့ရှိ ကာသိုလိပ် ပုံနှိပ်တိုက်သို့ စေလွှတ်ခဲ့ပြီး ၁၉၆၃ ခုနှစ် ဧပြီလတွင် ကလေးမြို့၊ စိန်မေရီကျောင်းဝင်း၌ ပုံနှိပ်လုပ်ငန်းကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။

            ထို့အပြင် ၁၉၆၄ ခုနှစ်၌ St. Joseph သီလရှင်ဂိုဏ်းသည် ကလေးမြို့သို့ ရောက်ရှိလာပြီး စိန်မေရီ စာသင်ကျောင်းတွင် စာပေသင်ကြားပေးခြင်း၊ ကလေးသူငယ်များအား ဘုရားစကားသင်ကြားပေးခြင်းများ သာမက ဘုရားကျောင်း၏ ဝေယျာဝစ္စများ ဆောင်ရွက်ပေးခဲ့၍ များစွာ အထောက်အကူပြုခဲ့ပါသည်။