ကျွန်ုပ်တို့၏ ဆုတောင်းမေတ္တာသည် မျှော်လင့်ခြင်းနှင့် ချစ်ခင်လေးမြတ်ခြင်း တောင်ပံများကို အားပြုလျက် ဘုရားသခင်ထံတော်ပါးသို့ ပျံတတ်ပါစေ။
နွေးထွေးသော နံနက်နေရောင်ခြည်သည် နုနယ်လှသော နှင်းဆီပွင့်ဖူးကလေးများကို ခြုံလွှမ်းထားသကဲ့သို့ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူငယ်များ၏ စိတ်ဝိညာဉ်ကို လွှမ်းခြုံတော်မူပါ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် ကျေးဇူးတော်များနှင့် ပြည့်နှက်လှပါ၏။ ဝိညာဉ်အပေါင်းတို့၏ မျှော်လင့်အားထားရာလည်း ဖြစ်ပါ၏။
ကောင်းမြတ်တော်မူထသော အိုသခင်၊ ထိုဝိညာဉ်ကလေးများ၏ တိုးတက်မှုအတွက် ဒုက္ခအခက်အခဲများကို ခံထမ်းရန် ကိုယ်တော်အလိုတော်ရှိတော်မူပါလျှင် ထိုဝိညာဉ်ကလေးများသည် ပေးအပ်သော ဒုက္ခများကို ခံထမ်းနိုင်ရန် လိုအပ်သော ခွန်အားကျေးဇူးကို ပေးတော်မူပါ။ လူငယ်ကလေးများ၏ လိမ္မာရေးခြားရှိမှုဖြင့် မိဘဆရာသမားတို့အား ရွှင်လန်းချမ်းမြေ့မှုကို ပေးသနားတော်မူပါ။ ထိုကလေးများ၏ အပြုအမူများကို ခရစ်ယာန်တို့၏ စံနမူနာဖြစ်စေတော်မူပါ။ ကိုယ်တော်ရှင်၏ အလိုတော်မြတ်အတိုင်း မေတ္တာတရားပွားများခြင်း၊ အနစ်နာခံလိုစိတ်ရှိခြင်းနှင့် သတိပညာရှိခြင်းတို့ကို လူငယ်များ၏ ဝိညာဉ်တွင်းသို့ ပေးသွင်းတော်မူပါ။
ဤမတည်မြဲသော လောကထဲတွင်ရှိစဉ်အခါ လိုအပ်သောဘဝ၏ ပျော်ရွှင်မှုများကို လူငယ်များအား ပေးသနားတော်မူပါ။ ဝိညာဉ်ရေးတွင်လည်း အဖိုးမဖြတ်နိုင်သော ကျေးဇူးတော်များကို စောင်မသနားတော်မူပါ။ ပျော်ရွှင်ခြင်း၏ အထွတ်ဖြစ်ရာထာဝရကောင်းကင်ဆုတော်ကို ထိုသူတို့အား ပေးသနားတော်မူပါ။ အာမင်။