တနင်္ဂနွေနေ့
စိန့်ဂျုဒ်ကို ခိုကိုးခြင်းမေတ္တာ
ဘုန်းဂုဏ်တော်ကြီးမားလှသော စိန့်ဂျုဒ်၊ သခင်ယေဇူး၏ သစ္စာရှိလှသော တပည့်မိတ်ဆွေ၊ သစ္စာဖောက်သူ၏ အမည်ကြောင့် အများကသတိမရကြသော်လည်း၊ စကြာဝဠာတစ်ဝန်းလုံးက မျှော်လင့်ချက်မရှိတော့သည့် ကိစ္စများ၊ စိတ်ပျက်အားငယ်လက်မြှောက်ရသည့် ကိစ္စများကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်သည့် သူတော်သူမြတ်အဖြစ် အသင်းတော်က အသိအမှတ်ပြုထားပါသည်။
အတိဒုက္ခရောက်နေသည့် အကျွနု်ပ်အဖို့ငှာ ဆုတောင်ပေးတော်မူပါ။ အရှင်မြတ်အား ဘုရားသခင်က ပေးထားသည့် အခွင့်အရေးကို အသုံးပြု၍ အကျွန်ုပ် စိတ်ပျက်အားငယ်နေသည့် ကိစ္စတွင် လျှင်မြန်စွာ ကျေးဇူးပေးပါမည့်အကြောင်း တောင်းပန်ပါသည်။ အကျွန်ုပ် အလွန်ပင် လိုအပ်နေသည့် အချိန်တွင် အကူအညီပေးသနားတော်မူပါ။ ကျွန်ုပ်၏ ခံစားချက်များ၊ လိုအပ်ချက်များနှင့် တောင်းလျှောက်ချက်များအတွက် ကောင်းကင်နိုင်ငံမှ နှစ်သိမ့်ခြင်း၊ အကူအညီပေးခြင်း၊ ခံစားရခြင်းအလို့ငှာ အထူးသဖြင့် (လိုအပ်သောဆုကို တောင်းရန်) အတွက် ကူညီ၍ အကျွန်ုပ်ကိုလည်း သူတော်သူမြတ်နှင့် အတူ ဘုရားသခင်နှင့် သူတော်သူမြတ်အားလုံးတို့အား အစဉ်ထာဝရ ချီးမွမ်းထောပနာပြုနိုင်ပါမည့် အကြောင်း တောင်းလျှောက်ပါသည်။
မွန်မြတ်လှသော အရှင်မြတ် စိန့်ဂျုဒ်၏ ကြီးမြတ်လှသော ဤ ဆုကျေးဇူးတော်ကို သတိရစွာဖြင့် အရှင်မြတ်အား ကျွန်ုပ်၏ အထူးဘုန်းဂုဏ်တော်ရှိလှသည့်် သူတော်သူမြတ်အဖြစ် အစဉ်အမြဲဂုဏ်ပြုလျက် အကျွန်ုပ်တတ်အားသမျှ အရှင်မြတ်အား လူအများခိုလှုံအားကိုးကြရန် အားပေးလုပ်ဆောင်ပါမည်။ အာမင်။
---------------------------------------------------------------------------------------------------------------------------
တန်ခိုးထက်မြတ်လှသော သူငယ်တော်သခင်ယေဇူး၏ နာရီပိုင်းနိုဗေနာ
တနင်္လာနေ့
(တစ်ရက်အတွင်း ၉ နာရီ ဆက်တိုက် တစ်နာရီလျှင် တစ်ကြိမ် ဆိုအပ်သော ဆုတောင်း ပတ္တနာ)
အို... သခင်ယေဇူးအရှင်မြတ်၊“တောင်းလျှင်ရလိမ့်မည်ရှာလျှင် တွေ့လိမ့်မည်၊ ခေါက်လျှင် ပွင့်လိမ့်မည်”ဟုမိန့်တော်မူခဲ့သည့် အတိုင်း ကျွန်ုပ်သည် သခင်ယေဇူး၏ မယ်တော် ကညာစင်မာရီယား၏ သန့်ရှင်းဖြူစင်သော နှလုံးတော်အားဖြင့် ကျွန်ုပ်တောင်းလျှောက်ရာကို ပေးပါမည့်အကြောင်း ခေါက်ပါသည်၊ ရှာပါသည်၊ တောင်းလျှောက်ပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
အို.. ယေဇူးခရစ္ဆတူးသခင်၊ “ငါ၏ နာမတော်ဖြင့် အဖ ခမည်းတော်ထံ မည်သည့်အရာကို မဆို တောင်းလျှောက်လျင်ရပါလိမ့်မည်” ဟု မိန့်တော်မူခဲ့သည့် အတိုင်း ကျွန်ုပ်သည် ကိုယ်တော်၏ အလွန်မွန်မြတ်သော မယ်တော်၏ ဆုပန်ကြားခြင်းအားဖြင့် ကျွန်ုပ်တောင်းလျှောက်ရာကို ပေးပါမည့် အကြောင်း သခင်ယေဇူး သူငယ်နာမတော်အားဖြင့် အဖခမည်းတော်ထံရိုသေလေးစားစွာ အနူးအညွတ်တောင်းလျှောက်ပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
အို... ယေဇူး ခရစ္ဆတူးသခင်၊ “ကောင်းကင်ဘုံနှင့် မြေကြီးသည် ပျောက်ကွယ်သွားသော်လည်း ငါ၏စကားမှာ ပျောက်ကွယ်မည်မဟုတ်ပါ။” ဟု မိန့်တော်မူခဲ့သည့် အတိုင်းသခင် ယေဇူး၏ မယ်တော်ကညာစင် မာရီးယား၏ ပန်ကြားခြင်းအားဖြင့် ကျွန်ုပ်လိုအပ်သော ကျေးဇူးကို ကိုယ်တော်ပေးသနား တော်မူမည်ဟု ကျွန်ုပ်မြဲမြံစွာ ယုံကြည်စိတ်ချပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
---------------------------------------------------------------------------------------------------------------------------
စိန့်အန်ထော်နီအား ခိုကိုးခြင်း မေတ္တာ
အင်္ဂါနေ့
အို... ဘုန်းဂုဏ်တော်ကြီးမြတ်လှသော စိန့်အန်ထော်နီ၊ ဒုက္ခသည် အပေါင်းတို့၏ ခိုကိုးရာ၊ တန်ခိုးအာနုဘော်တော်အားဖြင့် ဗျာဒိတ်ပေးသည်မှာ အရှင်မြတ်အား ဆည်းကပ်၍ အကူအညီတောင်း သူတို့သည် အင်္ဂါနေ့ ၉ ရက်တိုင်တိုင် ဆက်၍ ကိုးပါက ၎င်းဆုကျေးှဇူးတော်ကို ခံစားရပါမည်ဟု မိန့်တော်မူပါသည်။ သို့ဖြစ်၍ အပြစ်ရှိသူ ကျွန်ုပ်တို့မှာ ဤကတိကို ယုံကြည်ကိုးစားသောကြောင့် သန့်ရှင်းသော အသင်းတော်က အရှင်မြတ်၏ ရုပ်ပုံအား တင်မြှောက်သည့်အတွက် အသင်းတော်နှင့် အတူ ဝမ်းမြောက်ရပါသည်။ အရှင်သူတော်သူမြတ်အား တောင်းလျှောက်သည်မှာ ကျွန်ုပ်အား ကူညီစောင့်ရှောက်တော်မူပါ။ အကြံဉာဏ်ပေးတော်မူပါ။ ကောင်းချီးပေးတော်မူပါ။ ကျွန်ုပ်၏ တောင်းလျှောက်ရာ ဆုကျေးဇူးသည် ကျွန်ုပ်ဝိညာဉ်၏ ကောင်းကျိုးနှင့် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေပါက ထိုက်သင့်သော ဆုကျေးဇူးတော်ကို ပေးသနားတော်မူပါ။ ကျွန်ုပ်၏ ကယ်တင်ခြင်းအတွက် အထောက်အကူပြုမည့် ကျေးဇူးတော်များရရှိဖို့ စောင့်မပေးပါရန် ခရစ္ဆတူးသခင်ထံမှ တစ်ဆင့် တောင်းလျှောက်ပေးတော်မူပါ။
အို... သန့်ရှင်းသော စိန့်အန်ထော်နီ၊ အရှင်သူတော်သူမြတ်မှာ သဘောထား အသိမ်မွေ့အနူးညံဆုံး၊ ဘုရားသခင်အား ချစ်ကြည်ညိုသော ကောင်းမှု့ကုသိုလ်တော်၊ မြင့်မြတ်လှသောပါရမီများ လူသားအချင်းချင်းအပေါ် စေတနာထားရှိတတ်သော စိတ်စေတနာကြောင့် လောကတွင်နေခဲ့စဉ်က ထူးမြတ်သော တန်ခိုးအာနုဘော်တော်ကို ပိုင်ဆိုင်ရန် ထိုက်တန်ခဲ့ပေသည်။ တန်ခိုးအာနုဘော်တော်တို့မှာ အရှင်သူတော်သူမြတ် မိန့်မြွက်သည့် အတိုင်း ဖြစ်လာ၍ အရှင်သူတော်သူမြတ်မှာလည်း ဒုက္ခရောက်သူအပေါင်းတို့ကိုယ်စား တောင်းလျှောက်ပေးရန် အမြဲအသင့်ရှိနေပါသည်။ ခက်ခဲလှသော ဆုကျေးဇူးတို့ကို ကိုယ်တော်အား တောင်းလျှောက်ရာ အလဟသ မဖြစ်ခဲ့ပါ။ ဖျားနာသူတို့အား ကျန်းမာစေပါသည်။ ပျောက်ဆုံးသော ပစည်းမားကို ပြန်တွေ့စေပါသည်။ ဝမ်းနည်းကြေကွဲနေသူတို့မှာ အရှင်မြတ်ထံမှ သနားခြင်းခံရ၍ သေသူတို့ကိုပင် ပြန်လည်ရှင်သန် ထမြောက်စေသည်။ လောကတွင် နေခဲ့စဉ် ကာလအတွင်း အရှင်မြတ်အတွက် မဖြစ်နိုင်သည့် အရာမည်သည်မရှိပါ။ စိတ်ဒုက္ခ ဆင်းရဲ ရောက်နေသူတို့အား သနားကြင်နာခြင်းမမြဲရှိပါသည်။ သို့ဖြစ်၍ ကိုယ်တော်ရုပ်ပုံတော်ရှေ့မှောက်တွင် ဒူးထောက်လျက် ယုံကြည်ခြင်း အပြည့်အဝဖြင့် ဤဆုကျေးဇူးတော်ကို တောင်းလျှောက်ပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
ကျွန်ုပ်လိုအပ်သော ဆုကျေးဇူးမှာ အရှင်မြတ်၏ အာနုဘော်တော်လိုအပ်ပါသည်။ အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံသော သူတော်သူမြတ်ဖြစ်သည် မဟုတ်ပါလော။ လောကတွင် နေစဉ်က တစ်ခွန်းမျှ မိန့်တော်မူလျှင် အကြီးမားဆုံးသော အံ့ဖွယ်ရာများပင် ဖြစ်ခဲ့သည် မဟုတ်ပါလော။ အို... သိမ်မွေ့ ချစ်ဖွယ်ရာကောင်းသော စိန့်အန်ထော်နီ၊ စိတ်နှလုံးတွင် သနားကြင်နာခြင်း အမြဲရှိတတ်သည့် အလျောက် ကိုယ်တော်၏ ရင်ခွင်တွင် အမြဲ ပွေ့ပိုက်ထားသော သူငယ်တော် ယေဇူးသခင်အား ကျွန်ုပ်တို့၏ တောင်းလျှောက်ရာကို တင်ပြတော်မူပါ။ ကိုယ်တော်၏ တစ်ခွန်းတည်းသော တောင်းလျှောက်ရာသည် ကျွန်ုပ်တို့အဖို့ လိုအပ်သော ကျေးဇူးကို ရစေနိုင်ပါမည်။ ထိုစကားတစ်ခွန်းတည်းဖြင့် တောင်းလျှောက်ပေးပါလျှင် ကျွန်ုပ်တို့၏ ထာဝရကျေးဇူးတင်ခြင်းသည် အရှင်မြတ်အတွက်ဖြစ်ပါလိမ့်မည်။
(ကောင်းကင်ဘုံ၌၊ ဂုဏ်ကျေးဇူးတော်၊ ခမည်းတော်၊ သားတော်)
ဆုတောင်းကြစို့
အို .... အဘမြတ်စွာဘုရားသခင်၊ ကိုယ်တော်၏ တရားတော်ကို သက်သေခံသူ သူတော်သူမြတ် စိန့်အန်ထော်နီထံ ဆည်းကပ်ခြင်း အခမ်းအနားသည် ကိုယ်တော်၏ အသင်းတော်ကို ဝမ်းမြောက်စေခြင်း အကြောင်းဖြစ်စေတော်မူပါ။ အသင်းတော်အားလည်း ဝိညာဉ်ရေးဆိုင်ရာ အကူအညီနှင့် ထာဝရသုခ ချမ်းသာကို ရရှိရန် လိုအပ်သော ကုသိုလ်ကောင်းမှု့များဖြင့် အစဉ်မပြတ် ဖြင့်တင်းပေးပါမည့် အကြောင်း သားတော် ယေဇူးခရစ္ဆတူးအားဖြင့် တောင်းလျှောက်ပါသည် အဘဘုရား။ အာမင်။
---------------------------------------------------------------------------------------------------------------------------
စိန့်မာရ်တားကို ခိုကိုးခြင်းမေတ္တာ
အင်္ဂါနေ့
သူတော်သူမြတ် စိန့်မာရ်တား၊ ကျွန်ုပ်သည် အရှင်၏ စောင့်ရှောက်စောင်မမှုကို ခံယူရန် ရောက်လာပါသည်။ ကျွန်ုပ်၏ ချစ်လေးမြတ်ခြင်းနှင့် ယုံကြည်ခြင်းကို ပြလိုသည့် သဘောဖြင့် အင်္ဂါနေ့တိုင်း ဖယောင်းတိုင်မီး ပူဇော်ပါသည်။ ကယ်တင်ရှင်ယေဇူးသည် အရှင်မြတ်အိမ်တွင် တည်းခိုစဉ်က ခံစားခဲ့သည့် ကျေးဇူးဖြင့် အကျွန်ုပ်ခံစားရသည့် အခက်အခဲများတွင် အကျွန်ုပ်ကို နှစ်သိမ့်တော်မူပါ။ အကျွန်ုပ်၏ မိသားစုတစ်ခုလုံးသည် ဘုရားသခင်ကို အမြဲတမ်းစိတ်နှလုံးစိတ်ဝိညာဉ်တွင် သိမ်းသွင်းထားနိုင်ရန် စောင်မတော်မူပါ။ အကျွန်ုပ်တို့လိုအပ်သမျှ အားလုံးကို အစဉ်အမြဲတောင်းလျှောက် ပေးသနားတော်မူပါ။
(လိုအပ်သော ကျေးဇူးများကို တောင်းရန်)
အရှင်သူတော်သူမြတ်၏ ခြေရင်း နဂါး၏ရန်ကို ပယ်ဖျက်သည့်အတိုင်း အကျွန်ုပ်တို့တွေ့ကြုံရသော ဒုက္ခအခက်အခဲများကိုလည်း ကျော်လွှားနိုင်ရအောင် စောင်မတော်မူပါ။ အာမင်။
(ကောင်းကင်ဘုံ၌ အာဝေမာရီယား၊ ခမည်းတော်၊ သားတော်)
(ဤသူတော် သူမြတ်အား အင်္ဂါနေ့တိုင်း ဖယောင်းတိုင်မီးပူဇော်၍ ၉ ကြိမ်ကိုးပါက ဘုရားသခင် အလိုတော်ရှိလျှင် အခက်အခဲများကို ကျော်လွှားနိုင်သည်။ ဤသူတော်သူမြတ်အား ခိုကိုးခြင်းကို ပြန့်ပွားစေလိုသော ဆန္ဒဖြင့် မေတ္တာစာကို ဖြန့်ဝေနိုင်သည်။)
---------------------------------------------------------------------------------------------------------------------------
စိန့်ဂျိုးဇက်အား ခိုကိုးခြင်း မေတ္တာ
ဗုဒ္ဓဟူးနေ့
အို ဘုန်းတော်ကြီးလှသော သူတော်သူမြတ် စိန့်ဂျိုးဇက်၊ အရှင်မြတ်သည် ယေဇူးခရစ္ဆတူး၏ သစ္စာရှိသော အုပ်ထိန်းသူဖြစ်ပါသည်။ ယေဇူး၏ ရွှေနှလုံးတော်ရှေ့မှောက်တွင် အရှင်မြတ်တောင်းလျှောက်သမျှသည် အစွမ်းထက်လှသည်ဖြစ်၍ ဝိညာဉ်ရေးဆိုင်ရာနှင့် ကာယရေးဆိုင်ရာလိုအပ်သမျှ ကျေးဇူးအဖြာဖြာတို့ကို တောင်းလျှောက်ပေးပါမည့်အကြောင်း၊ အထူးသဖြင့် ကောင်းသောသေခြင်းဖြင့် သေနိုင်ရန် ယခုတောင်းလျှောက်မည့် ဆုကျေးဇူးကို ရယူပေးပါမည့်အကြောင်း တောင်းပန်ပါသည်။
(လိုအပ်သော ဆုကျေးဇူးကို တောင်းရန်)
လူအဖြစ်ကို ယူတော်မူသော ယေဇူးသခင်၏ အုပ်ထိန်းသူအရှင် သူတော်သူမြတ်၏ မေတ္တာကြောင့် ကျွန်ုပ်တို့တောင်းလျှောက်သော ဆုကျေးဇူးမှာ ဘုရားသခင်၏ ပလင်တော်ရှေ့တွင် မျက်နှာရလိမ့်မည်ဟု ယုံကြည်ပါသည်။
အို ဘုန်းတော်ကြီးမြတ်လှသော သူတော်သူမြတ် စိန့်ဂျိုးဇက်၊ သခင်ယေဇူး ခရစ္ဆတူး၏ ဘုန်းဂုဏ်တော်ကြီးမြတ်လှသော နာမတော်အား ချစ်လေးမြတ်သည့် သဘောဖြင့် ကျွန်ုပ်တို့တောင်းလျှောက်ရာကို ရယူပေးသနားတော်မူပါ။
ဆုတောင်းကြစို့။
အို ဘုန်းဂုဏ်တော်ကြီးမြတ်လှသော စိန့်ဂျိုးဇက်၊ သီလှရှင် မြတ်သခင်မ၏ ခင်ပွန်းတော်၊ အကျွန်ုပ်တို့အား သန့်ရှင်းဖြူစင်နှိမ့်ချတတ်သော၊ စေတနာထားတတ်သော စိတ်နှလုံးထားနှင့် ထာဝရဘုရားရှင်၏ အလိုတော်ကို လုံးဝခံယူလိုသော စိတ်ဆန္ဒကို ပေးတော်မူ၍ အရှင်မြတ်စိန့်ဂျိုးဇက်ရရှိခဲ့သော ကျေးဇူးမျိုးဖြစ်သည့် သခင်ယေဇူးနှင့် မယ်တော်မာရီယား လက်ဝယ်သေရသော သေခြင်းမျိုးကို ရလိုပါသည်။ အသနားခံပေးတော်မူပါအရှင်။ အာမင်။
(ဗုဒ္ဓဟူးနေ့များနှင့် မတ်လအတွင်းတွင် ဆိုနိုင်၍ ပွဲနေ့မှာ မတ်လ ၁၉ ရက်နေ့ဖြစ်သည်။ ဤမေတ္တာဖြင့် အထူး ကျေးဇူးတော်များ ရရှိနိုင် ပါသည်။)
---------------------------------------------------------------------------------------------------------------------------
စိန့်ထရေဇားအား ခိုကိုးခြင်း မေတ္တာ
ကြာသပတေးနေ့
“သင်တို့သည် ပြောင်းလဲ၍ ဤသူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံကဲ့သို့ မဝင်ရကြ” ဟု မိန့်တော်မူခဲ့သော အိုသခင်ဘုရား။ ထာဝရသုခချမ်းသာသို့ရောက် နိုင်အောင် ကညာစင် စိန့်ထရေဇားကဲ့သို့ ရိုးသားဖြူစင်သော စိတ်နှလုံးကို ကျွန်ုပ်တို့အား ပေးသနားပါရန် တောင်းလျှောက်ပါသည်။ အစဉ်ထာဝရတည် ခမည်းတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားနှင့် တပေါင်းတစုတည်း အသက်ရှင်တော်မူ စိုးစံတော်မူသော အရှင်မြတ်ဘုရား။ အာမင်။
(ကောင်းကင်ဘုံ၊ ဂုဏ်ကျေးဇူးတော်၊ ခမည်းတော်၊ သားတော်၊)
အို မြတ်လှသော နှင်းဆီပန်းမင်းသမီးတော်၊ အရှင်မြတ်အား တောင်းလျှောက်သော မည်သည့်အရာကို မဆို စောင်မခြင်းပြုပါမည်ဟု မိန့်၊မြွက်ဖူးသည်ကို သတိရတော်မူပါ။ သခင်ယေဇူး၏ ရွှေနှလုံးတော်မြတ် အရှင်မြတ်ရှိသော တန်ခိုးကို ယုံကြည်အားကိုးပါသောကြောင့် အကျွန်ုပ်အလွန် လိုအပ် တောင့်တနေသော ဆိုကျေးဇူးနှင်းဆီပွင့်ကို ကျွန်ုပ်ကိုယ်စား ဆွတ်ခူးပေပါမည့် အကြောင်း တောင်းပန်ပါသည်။
---------------------------------------------------------------------------------------------------------------------------
သခင်ယေဇူး၏ ရွှေနှလုံးတော်ကို ခိုကိုးခြင်း မေတ္တာ
သောကြာနေ့
ကောင်းချီး မင်္ဂလာ အဖြာဖြာတို့၏ မူလရင်းဖြစ်တော်မူသော အို.. ယေဇူး၏ ရွှေနှလုံးတော်၊ အကျွန်ုပ်သည် သခင်ဘုရားကို လေးစားချစ်ခင် မြတ်နိုးပါသည်။ အကျွန်ုပ်ပြုမိသော အပြစ်များအတွက် ကြီးစွာသော နောင်တဖြင့် ကျွန်ုပ်၏နှလုံးကို ပူဇော်ပါသည်။ သခင်ဘုရား၏ အလိုတော်အတိုင်း ကျွန်ုပ်အား နှိမ့်ချခြင်း၊ သန့်ရှင်းခြင်း၊ ရိုသေလေးမြတ်ခြင်းကို ပေးသနားတော်မူပါ။ သခင်ဘုရား၌ သခင်ဘုရားအတွက်သာလျှင် အကျွန်ုပ်အသက်ရှင်ပါရစေ။ ဘေးဥပဒ်၊ ဘေးအန္တရာယ်အမျိုးမျိုးမှ ကာကွယ်တော်မူပါ။ သောကအမျိုးမျိုးရှိလျှင် နှစ်သိမ့်တော်မူပါ။ လောကတွင်လိုအပ်သည့် ကိုယ်၏ ကျန်းမာရေးနှှုင့် နေ့စဉ်လိုအပ်ရာများကို ပေးသနားတော်မူပါ။ ပြုလုပ်သမျှ အရာရာတိုင်းကို ကောင်းချီးပေးတော်မူပါ။ ကောင်းသောသေခြင်းဖြင့် သေရသော ကျေးဇူးကို ပေးသနားတော်မူပါ ဘုရား။ အာမင်။
---------------------------------------------------------------------------------------------------------------------------
အစဉ် ကူညီစောင်မသော မယ်တော်အား ခိုကိုးခြင်း မေတ္တာ
စနေနေ့
အို... အစဉ် ကူညီစောင်မသော မြတ်မယ်တော်၏ သန့်ရှင်းသော ပုံတော်ရှေ့ဝယ် ဆုကျေးဇူးတောင်းလျှောက်သူများဖြစ်သော ကျွန်ုပ်တို့သည် အမြဲမပြတ် ဝိုင်းဝန်းလျက် အသနားခံကြပါသည်။ စိတ်ဆင်းရဲ ဝမ်းနည်းသူတို့ကို စောင်မတော်မူသော သခင်မ အဖြစ်ကောင်းချီးပေးကြပါသည်။ မိခင်ကဲ့သို့ ကာကွယ်စောင့်ရှောက်တော်မူပါ။ ယုံကြည်ခြင်း အပြည့်အဝဖြင့် စိတ်နှလုံးကြေကွဲဝမ်းနည်းသည့်အတွက် မယ်တော်၏ ရှေ့မှောက်သို့ ကျွန်ုပ်တို့လာရောက်ကြပါသည်။ ကျွန်ုပ်တို့ကြုံတွေ့နေရသည့် မကောင်းမှုကို ကြည့်တော်မူပါ။ ကျွန်ုပ်တို့လိုအပ်သမျှတို့မှာ များပြားလှပါသည်။ ဒုက္ခဆင်းရဲ အခက်အခဲတို့သည် ကျွန်ုပ်အား စိတ်ဓါတ်ကျဆင်းစေပါသည်။ ဒုက္ခအပေါင်းတို့သည် ကျွန်ုပ်တို့ အိမ်ထောင်စုကို စိတ်အားငယ်စေပါသည်။ နေရာတိုင်းတွင် ကျွန်ုပ်တို့သည် လက်ဝါးကပ်တိုင်ကို ကြုံတွေ့ရပါသည်။ သနားကြင်နာတတ်သော မယ်တော်။ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့မိသားစုတို့ကို ကြင်နာသနားတော်မူပါ။ အထူးသဖြင့် ကျွန်ုပ်တို့၏ လောလောဆယ် လိုအပ်ရာကို ပေးသနားတော်မူပါ။
(လိုအပ်ရာကို တောင်းရန်)
အို မယ်တော်မြတ် ကျွန်ုပ်ကို ကူညီတော်မူပါ။ ကျွန်ုပ်ကို စိတ်အားငယ်ခြင်းနှင့် မကောင်းမှုဟူသမျှတို့မှ ကင်းလွတ်စေတော်မူပါ။ ဘုရားသခင်၏ အလိုတော်အတိုင်း ကျွန်ုပ်ဆက်လက် ဒုက္ခခံစားရပါမည်ဆိုလျှင် ကျွန်ုပ်အား ချစ်ခင်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးကို ပေးတော်မူပါ၊ ဆုတောင်းခြင်းကို ကျွန်ုပ်တို့ယုံကြည်ခြင်း အပြည့်အ၀ ဖြင့်တောင်းလျှောက်ပါသည်။ မယ်တော်သည် အစဉ်အမြဲကူညီစောင်မသော မယ်တော်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အာမင်။
---------------------------------------------------------------------------------------------------------------------------