တိကျခိုင်မာစွာ ထုတ်ပြန်ထားတဲ့ အသင်းတော်ရဲ့ ဒေါ့မာ ယုံကြည်ချက် အားလုံးကို ကက်သလစ် ဘာသာဝင် တွေက ယုံကြည်ရမယ့် တာဝန်ဝတ္ထရား ရှိပါတယ်။ ဒီလိုမျိုး ဒေါ့မာလို့ ခေါ်တဲ့ ယုံကြည်ရာ သွန်သင်ချက်တွေကို ယုံကြည်ခြင်း ရှိသူများသာ နားလည် သဘောပေါက်ပြီး မယ်တော် မာရီးယားကို ရိုသေစွာ လက်ခံ ကြည်ညို ကိုင်းရှိုင်း နိုင်မှာ ဖြစ်ပါတယ်။
ဒေါ့မာတစ်ခု ပြဠာန်းနိုင်ဖို့ အသင်းတော်က အထူးစီစစ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်၊ ဒေါ့မာ သွန်သင်ချက်ကနေ ဘုရားရှင်ထုတ်ဖော်ပြတဲ့ အမှန်တရား တစ်ခုကို သေချာ ရှင်းပြ ထားပါတယ်။ ကက်သလစ် အသင်းတော်မှာ ကညာစင် မာရီးယား အကြောင်း ဒေါ့မာသွန်သင်ချက် (၄)ခု ရှိပါတယ်။
၁။ မယ်တော် မာရီးယားဟာ ဘုရားရှင်ရဲ့မိခင် ဖြစ်ပါတယ်။ (Mary, #Mother_of_God)
မယ်တော်မာရီးယားက ဘုရားရှင်ရဲ့မိခင်ဆိုတဲ့ ဒေါ့မာ သွန်သင်ချက်က အစောဆုံး ဖြစ်ပြီးတော့ ၄၃၁-ခုနှစ်မှာ ကျင်းပခဲ့တဲ့ အဲဖဲစူးစ်ကောင်စီ အစည်းဝေးကြီးကနေ သွန်သင်ပြဠာန်းခဲ့ပါတယ်။ အရှေ့ပိုင်း ဒေသမှာ ဘုရားရှင်ရဲ့မိခင် ‘Theotokos’ - “သီအိုတိုခေါ့စ်” ဆိုတဲ့အဓိပ္ပာယ်က ဘုရားရှင်ကိုမွေးဖွားသူ ‘Bearer of God’ မိခင်မယ်တော် မာရီးယားကို ဆိုလိုခြင်း ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ(၁) ရက်နေ့မှာ မာရီးယားဟာ #ဘုရားရှင်ရဲ့မိခင် အမှန်ဖြစ်ကြောင်း ထုတ်ဖော်ဂုဏ်ပြု ကျင်းပလေ့ ရှိကြပါတယ်။
၂။ မယ်တော်မာရီးယားက #ထာဝရအပျိုကညာစင် ဖြစ်ပါတယ်။ (Mary’s #Perpetual_Virginity)
၅၅၃ခုနှစ် ဒုတိယ ကြိမ်မြောက်ကွန်စတန်တီနိုပယ်ကောင်စီမှာ ဒီဒေါ့မာ သွန်သင်ချက်ကို စတင်ကြေညာ ခဲ့ပါတယ်။ မာရီးယားက သခင်ယေဇူးကို မမွေးဖွားခင်၊ မွေးဖွားချိန်နဲ့မွေးဖွားပြီးနောက်မှာ ကညာစင်အဖြစ်ဆက်လက်တည်ရှိနေကြောင်း ပြဠာန်းခဲ့ပါတယ်။ ဒီပြဠာန်းချက်ကို ကောင်စီ အစည်းအဝေးနဲ့ အသင်းတော်ရဲ့သွန်သင်ခွင့် အာဏာပိုင်တွေက အကြိမ်ကြိမ်ထပ်မံ အတည်ပြု ခဲ့ကြပါတယ်။ ဗာတီကန်ကောင်စီ၂မှာသခင်ယေဇူးကို မွေးဖွား ပြီးမာရီးယားရဲ့ကညာစင်အဖြစ်လျော့မသွားဘဲ မွန်မြတ်စေကြောင်း အတည်ပြု ခဲ့ကြပါတယ်။
ဒီပထမဒေါ့မာသွန်သင်ချက်(၂)ခုကို ကောင်စီ(၂)ခုကနေ အတိအလင်းပြဠာန်းခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ဒေါ့မာ၂ခုကိုတော့ပုပ်ရဟန်းမင်းကြီးပီအူးစ်(၉)နဲ့ပီအူးစ်(၁၂)တို့(၂)ပါးက ပြဠာန်းခဲ့တာဖြစ်တယ်။
၃။ မယ်တော်မာရီးယားက #အပြစ်မဲ့သန္ဓေယူသောမိခင် ဖြစ်ပါတယ်။ (#The_Immaculate_Conception)
ဒီဒေါ့မာကို ၁၈၅၄ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့မှာရဟန်းမင်းကြီး ပီအူးစ်(၉)ကနေ ပြဠာန်း ခဲ့ပါတယ်။ အဲဒီကနေ အပြစ်မဲ့ သန္ဓေယူတော်မူသော မယ်တော်မာရီးယားပွဲနေ့ကို ဒီရက်စွဲမှာ ကျင်းပ ကြပါတယ်။ ဘုရားသခင်က မာရီးယားသန္ဓေစတည်ချိန်က စပြီးသူမကို အပြစ်ရင်းကနေ ကင်းစေခဲ့ကြောင်း ဒီဒေါ့မာသွန်သင်ချက်က ရှင်းပြ ထားပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးအားဖြင့် သခင်ယေဇူးဆင်း ကြွလာဖို့ကြိုတင်ပြင်ဆင်ခြင်းကြောင့်ဖြစ်ပါတယ်။
ဒီဒေါ့မာအားဖြင့် မှားယွင်းစွာပြောဆိုနေသူတွေကိုတုံ့ပြန် သွန်သင် ပြဠာန်းခဲ့ခြင်း ဖြစ်ပါတယ်။ သဘာဝအားဖြင့် လူဟာကောင်းပေမဲ့ လူမှုဖွဲ့စည်းပုံတွေက ပြဿနာဖြစ်စေတာကို ဖြိုဖျက်ပြီး မြေကြီးပေါ်မှာ သုခဘုံဖန်တီးခြင်း ဖြစ်ပါတယ်။
၄။ မယ်တော် မာရီးယားဟာ ကောင်းကင်ဘုံသို့ (ခန္ဓာနဲ့တကွ) ပင့်ဆောင်ခြင်း ခံခဲ့ရပါတယ်။ (#The_Assumption_of_Mary)
၁၉၅၀ခုနှစ်၊ နိုဝင်ဘာလ(၁)မှာ ပုပ်ပီအူးစ်(၁၂)က မာရီးယားကို ဝိညာဉ်-ခန္ဓာနဲ့တကွ ကောင်းကင်ဘုံသို့ ပင့်ဆောင်ခံရကြောင်း ဒေါ့မာ သွန်သင်ချက် ပြဠာန်းခဲ့ပါတယ်။ ကညာစင်မာရီးယားရဲ့ ခန္ဓာကိုယ်ဟာ ပုပ်သိုး ဆွေးမြည့်ခြင်း မရှိခဲ့ပါဘူး။ အပြစ်မဲ့ (အပြစ်ကင်းစင်) ခြင်းဆိုတဲ့ အထူးအခွင့်အရေးကို ရရှိထားသူ ဖြစ်တယ်။ ကညာစင်မာရီးယား ကောင်းကင်ဘုံကို ပင့်ဆောင်ခံ ရခြင်းက သားတော်သခင်ယေဇူးရဲ့ရှင်ပြန်ထမြောက်ခြင်းမှာ ပါဝင်ခြင်း ဖြစ်သလို ခရစ်ယာန်တွေရဲ့ ရှင်ပြန်ထမြောက်ခြင်းမှာ ပါဝင်ခြင်းလည်း ဖြစ်ပါတယ်။
ဒေါ့မာအရ မယ်တော်မာရီးယား ကောင်းကင်ဘုံပင့်ဆောင်ခြင်း ခံရသောပွဲနေ့ကို ဩဂုတ်လ(၁၅)ရက်နေ့မှာ ကျင်းပဖို့ ပြဠာန်းခဲ့ကြပါတယ်။
✍️ထန်းဟာ SJ