Hello Everyone! My Page is still under construction! Thank You for your visit.

#မတရားမှုတွေကိုခုခံတော်လှန်ခဲ့သူ St. Oscar Romero (Bishop)

#မတရားမှုတွေကိုခုခံတော်လှန်ခဲ့သူ 
St. Oscar Romero (Bishop) 
 **************************
             စိန့်အော်စကာ ရိုမဲရိုဟာ ၁၉၇၇ ခုနှစ် ကနေ ၁၉၈၀ ခုနှစ်အတွင်း လုပ်ကြံ သတ်ဖြတ်ခြင်း မခံရခင်အထိ San Salvador ဆာဗေးဒေါရဲ့ ဂိုဏ်းချုပ် ဆရာတော်ကြီး ဖြစ်ခဲ့ပါတယ်။ သူ့ကို ရှေးရိုးစွဲ ဂိုဏ်းချုပ် ဆရာတော်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပေမယ့် ၁၉၇၇ ခုနှစ်မှာ သူ့ရဲ့ သူငယ်ချင်း ဂျက်ဇွစ် ဘုန်းတော်ကြီး ရိုတီလီယိုဂရန်ဒဲ Fr. Rutilio Grande, SJ အသတ်ခံ ရချိန်မှာတော့ အယ်လ်ဆာ ဗေးဒေါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မတရား ဖိနှိပ်မှုအမျိုးမျိုးတွေ အကြောင်း အတိအလင်း ပိုမိုထုတ်ဖော် ပြောဆို လာခဲ့ပါတယ်။
 

         ဆရာတော်ကြီး ရိုမဲရိုရဲ့ (၃)နှစ်တာ ကာလအတွင်းမှာ အကြမ်းဖက်မှုတွေကို အကြိမ်ကြိမ် ရှုံ့ချခဲ့ပြီး ပြည်တွင်း စစ်မက်ဒဏ် ခံစားနေရသူများ ကိုယ်စား ပြောဆို ခဲ့ပါတယ်။ မတရားမှုတွေနဲ့ တွေ့ကြုံလာတိုင်း အမှန်တရားကို ဟောပြော သွန်သင်နေကြတဲ့ အသင်းတော်ကို ဦးဆောင် သူများအနေနဲ့ သူ့ရဲ့ သတ္တိကို အတုယူ သင့်ပါတယ်။ အဲဒီအချိန်က သတင်းစာ စာနယ်ဇင်း တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ် ထားတာကြောင့် သူရဲ့ အပတ်စဉ် ရေဒီယို ထုတ်လွှင့်မှုဟာ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး အမှန်တရားကို လူအများ သိရှိ နိုင်စေဖို့  တစ်ခုတည်းသော နည်းလမ်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာအောင် တောင်းဆိုရင်း ဆင်းရဲသားတွေရဲ့ အခွင့်အရေးကို ခုခံကာကွယ် ပေးခဲ့ပါတယ်။ သူ့ရဲ့ အမှန်တရားအတွက် ရပ်တည်ချက်က နိုင်ငံကို မတရား စိုးမိုး အုပ်ချုပ် သူတွေကို စိုးရိမ် ကြောက်လန့် စေခဲ့ပါတယ်။ 

               လုပ်ကြံ သတ်ဖြတ်ခြင်း မခံရခင် တစ်လအလိုမှာ ဆော်လ်ဗေးဒေါ အစိုးရကို ကျောထောက် နောက်ခံအဖြစ် လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ အကြံအဉာဏ်တွေ ထောက်ပံ့ ပေးနေတာ ရပ်ပစ်ဖို့ အမေရိကန် သမ္မတ ဂျင်မီကာတာကို စာရေး တိုက်တွန်း ခဲ့ပါတယ်။ သူ့ကို လုပ်ကြံမှု မခံရခင် တစ်ရက် အလိုမှာတော့ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို အရပ်သားတွေကို သတ်ဖြတ်ဖို့ အမိန့်ကို မလိုက်နာကြဖို့နဲ့ ဖိနှိပ်မှု တွေကို ရပ်တန့်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ဆရာတော်ကြီး လုပ်ကြံ သတ်ဖြတ်ခြင်း မခံရခင် အခုလို နောက်ဆုံး မိန့်ကြားခဲ့ပါတယ်။ 

"မင်းတို့ သတ်ဖြတ်နေတဲ့ တောင်သူ လယ်သမားတွေဟာ မင်းတို့ရဲ့ ညီအစ်ကို မောင်နှမ တွေပဲဖြစ်ပါတယ်” လို့ ဟောကြော ခဲ့ပါတယ်။ "လူတွေကို သတ်ဖြတ်ဖို့ အထက်ကနေ အမိန့်ပေးတာ ကြားတာနဲ့ ဘုရားသခင်ရဲ့ 'လူ့အသက်ကို မသတ်ရ' ဟူသော နှုတ်ကပါဌ်တော်ထဲက ပညတ်ချက်ကို သတိရ ကြပါ။ ဘုရားသခင်ရဲ့ နာမတော်အားဖြင့် ကောင်းကင် ဘုံထက်ကို တစ်နေ့ထက် တစ်နေ့ အရမ်းကို ငိုကြွေး မြည်တမ်း အော်ဟစ် နေကြတဲ့ ဒီလို ဆင်းရဲ ဒုက္ခတွေရဲ့ နာမတော် အားဖြင့် ကျွန်ုပ် တောင်းပန် ပါတယ်။ ဘုရားသခင်ရဲ့ နာမတော် အားဖြင့် ဖိနှိပ် ချုပ်ချယ် သတ်ဖြတ်ခြင်းတွေကို ရပ်တန့်ဖို့ ကျွန်ုပ် တောင်းဆို ပါတယ်။"

       ဂိုဏ်းချုပ် ဆရာတော်ကြီး ရိုမဲရိုဟာ သူ့အသက် (၆၂) နှစ် အရွယ် ၁၉၈၀ ခုနှစ် မတ်လ (၂၄) ရက်နေ့မှာ မစ္ဆား တရားတော်မြတ်ကို ဟောကြားနေချိန်မှာ ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ နောက်ဆယ်စုနှစ် များအတွင်း ဆာဗေးဒေါ လူမျိုး (၇၀,၀၀၀) ခန့် သေဆုံး ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဆရာတော်ကြီး ရိုမဲရိုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဓမ္မအာဇာနည်း သူတော်မြတ်အဖြင့် အသိ အမှတ် ပြုပြီး ၂၀၁၈ ခုနှစ်မှာ ရဟန္တာ အဖြစ် တင်မြှောက် ခဲ့ပါတယ်။ 

       ဆရာတော်ကြီးရဲ့ အမှန်တရား အတွက် မားမားမတ်မတ် ရပ်တည်ချက်ကို သတိရ အတုယူရင်း ယနေ့ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ မတရားမှု ကျူးလွန်နေသူများ ဆရာတော်ကြီး ရိုမဲရိုရဲ့ တရားစကားကို ကြားနိုင်ပါစေ။
မြန်မာပြည်နဲ့ ယူကရိန်း အမြန်ဆုံး ငြိမ်းချမ်း နိုင်ပါစေ။ 

✍️ ထန်းဟာ, SJ 

Video: https://bit.ly/3tBsKUL 
Read more: https://bit.ly/37YLhCe 
https://bit.ly/3uj7XV2 
#StOscarRomero 
Photo from google