WHAT IS #PASSIONTIDE?
(ဘာရှန်းတိုဒ်) #ဒုက္ခစရိယာကာလ ဆိုတာဘာလဲ။
Why do we Veil images? ဘာကြောင့် ဘုရားကျောင်းတွေမှာ ခရူစူးတိုင်အပြင် သခင်ယေဇူး- မယ်တော် မာရီးယားနဲ့ ရဟန္တာ သူတော်သူမြတ်တွေရဲ့ ဆင်းတုတော်တွေကို ခရမ်းရောင် အဝတ်နဲ့ ဖုံးအုပ် ထားရတာလဲ။
*******************************
#Why_Passiontide ?
ပထမဆုံး အနေနဲ့ ဒီ #ဘာရှန်းတိုဒ် ဆိုတဲ့ သုံးအနှုန်းက ခရစ်ယာန်တွေရဲ့ ဝတ်ပြုခြင်းနဲ့ ဆိုင်ရာ ဝိနည်းရဲ့ အသုံးအနှုန်း ဖြစ်ပြီး ဝါတွင်းကာလ နောက်ဆုံး (၂)ကို ရည်ညွှန်း ထားပါတယ်။ ဒီလိုအသုံးအနှုန်းရဲ့ နောက်ကွယ်မှာ လေးနက်တဲ့ အဓိပ္ပာယ်နဲ့ ရယ်ရွယ်ချက်တွေ ရှိပါတယ်။ ဒါကြောင့် ခရစ်ယာန် များ သာမက ဘာသာတရား တစ်ခုရဲ့ ဝတ်ပြု ဆုတောင်းခြင်းနဲ့ ပတ်သက်ပြီး ဗဟုသုတအဖြစ် လူတိုင်း သိထား သင့်ပါတယ်။
ကက်သလစ် ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားတဲ့ ဝါတွင်းကာလ အချိန်အခါသမယ ရက်ပေါင်း (၄၀)ရဲ့ နောက်ဆုံး (၂)ပတ်ဖြစ်တဲ့ #Passiontide: the two weeks between Passion Sunday & Easter ကို (#ဘာရှန်းတိုဒ်) ဒုက္ခ (ဒုက္ကရ)စရိယာကာလ လို့ ခေါ်ကြပါတယ်။ ဒီဝါတွင်းကာလရဲ့ အရေးကြီးဆုံး အချိန်မှာ လူသားတွေကို အပြစ်ကနေ ကယ်ချွတ်ဖို့ အကြွင်းမဲ့ ချစ်ခြင်းနဲ့ မိမိအသက်ကို ပေးဆပ် ပူဇော်ခဲ့တဲ့ သခင်ယေဇူးရဲ့ ဒုက္ခစရိယာကို အောက်မေ့ သတိရခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဘုရားစင်စစ်-လူစင်စစ် ဖြစ်တဲ့ သခင်ယေဇူးဟာ နက်နဲရာ အချက်ဖြစ်တဲ့ ဘုရားစင်စစ် အဖြစ်ကနေ ဖုံးကွယ်ပြီး လူစင်စစ်အဖြစ် ဒုက္ခစရိယာ ခံထမ်းကာ လက်ဝါး ကားတိုင်ပေါ် အသေခံ ပေးဆပ် ခဲ့ပါတယ်။
ကျွန်ုပ်တို့ လူသားတွေ အတွေက် သခင်ယေဇူးရဲ့ အကြွင်းမဲ့ ချစ်ခြင်းနဲ့ အသက် ပေးဆပ်ခြင်းက အမြင့်မြတ်ဆုံး ချစ်ခြင်းနဲ့ ပေးဆပ်ခြင်း ဖြစ်ပါတယ်။ “မိမိမိတ်ဆွေ များအတွက် မိမိ၏ အသက်ကို စွန့်လွှတ်သော ချစ်ခြင်း မေတ္တာထက် ကြီးမြတ်သည့် ချစ်ခြင်း မေတ္တာသည် မည်သူ၌မျှ မရှိ။” ကြောင်း ရှင်ယောဟန် ခရစ်ဝင်ကျမ်း (၁၅း၁၃)မှာ သခင်ယေဇူး မိန့်ကြား ခဲ့ပါတယ်။ သခင်ယေဇူးဟာ လူသားတွေအဖို့ သူ့အသက်ကို ပေးဆပ် ချစ်ပြ-ကယ်တင် ခဲ့တဲ့ ဘုရားရှင် ဖြစ်ပါတယ်။ ရှေးခရစ်ယာန် တွေက သခင်ယေဇူးရဲ့ ဒုက္ခစရိယာ ခံယူခြင်းကို အကြီးမြတ်ဆုံး ရှင်ဘုရင် “King of Glory” အဖြစ် ချီးမွမ်း ထောမနာ ပြုခဲ့ ကြပါတယ်။ ဒါကြောင့် အသင်းတော်ရဲ့ ဝတ်ပြုခြင်းမှာလည်း သခင်ယေဇူးကို အောက်မေ့ သတိရ အဖော်ပြု ပေးရင်း အပြစ် အမှားတွေအတွက် နောင်တစွဲ ဝမ်းနည်း ဆုတောင်းပြီး အမှားတွေကို အာပတ်ဖြေ (အပြစ် ဒဏ်ဆပ်ဖြေ) ခြင်းအားဖြင့် ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ် နီးစပ် ပြောင်းလဲရတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။
#Why_Veil_Images ?
(ဘာရှန်းတိုဒ်) ဒုက္ခစရိယာကာလရဲ့ အမှတ်အသား အနေနဲ့ ဘုရားကျောင်းတွေမှာ ရှိတဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ခရူစူးကားတိုင်းအပြင်၊ ရဟန္တာ သူတော်သူမြတ်တွေရဲ့ ဆင်းတုတော်တွေကို ခရမ်းရောင် အဝတ်နဲ့ ဖုံးကွယ် ထားခြင်း ဖြစ်တယ်။ အဲလို ဖုံးအုပ်ထားတဲ့ အရာတွေထဲက ကရူစူးကားတိုင်ကို Good Friday သောကြာညမှာ ပြန်ဖွင့်ပြီး အရိုအသေပေး ချီးမွမ်းကြပြီး ကျန်တဲ့ ရဟန္တာ သူတော်သူမြတ်တွေရဲ့ ဆင်တုတွေကိုတော့ သခင်ယေဇူး သေခြင်းကို အောင်မြင်တဲ့ပွဲနေ့ (ပါစကား) အီစတာ အဖိတ်ညမှာ ပြန်ဖွင့်ပြီး သိမ်းကြပါတယ်။ သခင်ယေဇူးရဲ့ ဒုက္ခစရိယာအကြောင်း ရေးသားထားတဲ့ ရှင်ယောဟန် ခရစ်ဝင်ကျမ်း (၈း၅၉) မှာ “ကိုယ်တော်သည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ခွါ သွားတော် မူ၏” လို့ ဖော်ပြထားပါတယ်။ တနည်းအားဖြင့် သခင်ယေဇူးရဲ့ ကြီးမားတဲ့ နှိမ့်ချခြင်းကို ပြသတဲ့အနေနဲ့ ဂျူလူမျိုးတွေ ကြားမှာ ပေါ်ပေါ် ထင်ထင် မသွားလာတော့ဘဲ သူ့ကိုသူ ပုန်းကွယ်နေခဲ့တဲ့ အချိန် ဖြစ်တယ်။ အသင်းတော်ရဲ့ ဓမ္မပညာရှင် တစ်ပါးဖြစ်တဲ့ Durandus က “သခင်ယေဇူး ဒုက္ခစရိယာ ခံယူချိန်နဲ့ အသက်ပေးချိန်မှာ သူ့ရဲ့ ဘုရားစင်စစ် ဖြစ်ခြင်းကို ဖုံးကွယ်ထားပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။
သခင်ယေဇူးရဲ့ ဆင်းတုကိုပဲ ဖုံးထားပြီး တခြား ရဟန္တာတွေရဲ့ ဆင်းတုတော်တွေကို မဖုံးလို့ မရဘူးလား။
မရပါဘူး။ သခင်ယေဇူး ကိုယ်တိုင် ဒုက္ခစရိယာ ခံထမ်းနေချိန်မှာ သခင့် နောက်လိုက်တွေက ပျော်ရွှင် မြူးထူး ကခုန်ရမယ့်အချိန် မဟုတ်ပါဘူး။ သခင်ယေဇူးနဲ့အတူ အဖော်ပြု ခဲ့ကြသူများရဲ့ ဆင်းတုကို ဖုံးအုပ် ထားရမှာပါ။ ပြီးတော့ လောကမှာ ခရီးပြုရင်း သခင်ယေဇူးကို အဖော်ပြု လိုက်လျှောက်နေကြတဲ့ ခရစ်ယာန် တွေလည်း မိမိတို့ရဲ့ အပြစ်တွေကို နောင်တယူ ဆေးကြော သန့်စင်ကာ သခင်ယေဇူးရဲ့ သေခြင်းကို အောင်နိုင်တဲ့ ပါစကားပွဲနေ့မှာ ထိုက်တန်စွာ ပါဝင်နိုင်ဖို့ ဆန်းစစ်သုံးသပ် ပြင်ဆင် ချိန် ဖြစ်ပါတယ်။ အဲဒီလို ဖုံးအုပ်ထားချိန် ကျွန်ုပ်တို့ သခင်ယေဇူးကို မမြင်နိုင်ပါဘူး။ ကျွန်ုပ်တို့ရဲ့ အမြင်အာရုံ ကနေ သခင်ယေဇူး ထွက်ခွါသွားခြင်း ဖြစ်လို့ သခင်ယေဇူးကို ခဏတာ ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်နဲ့အတူ ဝမ်းနည်း နေကြပါတယ်။ သခင်ယေဇူးကို အရမ်းတွေ့ချင်စိတ်နဲ့ စောင့်မျှော် နေကြပါတယ်။
သခင်ယေဇူးရဲ့ ဒုက္ကရ စရိယာ ခံယူပြီး အသေခံ တော်မူခြင်းက ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်းနဲ့ မျှော်လင့် ချက် ဖြစ်ပါတယ်။ ဒုက္ခစရိယာနဲ့ သေခြင်းအားဖြင့် မျှော်လင့်ခြင်း အသစ်နဲ့ ထာဝရ အသက်သစ်ကို ရရှိ ကြပါတယ်။ ပြီးတော့ ကျွန်ုပ် ကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲခြင်းတွေကို သခင်ယေဇူးနဲ့ ပေါင်းစပ် အသက် ရှင်ခြင်းဖြင့် ဒုက္ခတွေအလယ် သုခလမ်းခင်း နိုင်တာ ဖြစ်တယ်။ သခင်ယေဇူးကို အတုယူပြီး တခြားသူ (မိတ်ဆွေနဲ့ အမ်နီးချင်း) တွေကို ချစ်ခြင်း မေတ္တာနဲ့ ဖေးမ ကူညီ ကယ်တင်ခြင်းအားဖြင့် ကျွန်ုပ်တို့ ကြုံတွေ့ နေရတဲ့ ဒုက္ခ ဆင်းရဲခြင်းက အဓိပ္ပာယ် ရှိလာတယ်။ တခဏတာကနေ ထာဝရပါ ရရှိအောင် ယုံကြည်- မျှော်လင့် နေထိုင်ခြင်း ဖြစ်တယ်။ သခင်ယေဇူးရဲ့ သေခြင်းနဲ့ ရှင်ထမြောက် တော်မူခြင်းက ကျွန်ုပ်တို့နဲ့ သေလွန်သူများအတွက် အာမခံချက် ဖြစ်ကြောင်း စိန့်ပေါလ် ဟောပြောခဲ့ပါတယ်။
“ခရစ်တော်သည် သေခြင်း ရှင်ပြန်ထမြောက်တော် မမူလျှင် သင်တို့၏ ဟောပြောခြင်းသည် အချင်းနှီးဖြစ်၍ သင်တို့၏ ယုံကြည်ခြင်းသည်လည်း အချင်းနှီး ဖြစ်၏ … အကယ်စင်စစ် ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက် တော်မူသောကြောင့် သေလွန် သူတို့သည် ရှင်ပြန်ထမြောက် ကြလိမ့်မည် ဖြစ်ကြောင်း အာမခံချက် ရရှိထားလေပြီး။ (ကော်ရင့်သု ပထမစာစောင် ၁၅း၁၄၊ ၂၀)။”
သခင်ယေဇူး မာဿကို အခုလို မိန့်ကြား ခဲ့တာက “ငါသည် ရှင်ပြန်ထမြောက်ခြင်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူသည် သေပြီးသော်လည်း အသက်ရှင် လိမ့်မည်၊ (ရှင်ယောဟန် ၁၁း၂၅)။”
✍️ထန်းဟာ,SJ✍️
+++++++++
Sources: https://bit.ly/3FSVoGI
Passiontide | Catholic Answers
Videos: https://bit.ly/3LWPJDj
https://bit.ly/3TTe0MM