#စိန့်ပက်ထရိတ်
St. Patrick of Ireland
*********************
အိုင်ယာလန် နိုင်ငံကို ကာကွယ် စောင့်ရှောက်သူအဖြစ် နာမည်ကြီးတဲ့ စိန့်ပက်ထရိတ်ဟာ ထင်ရှားတဲ့ ဆရာတော်ကြီး တစ်ပါး ဖြစ်ပါတယ်။ သူရဲ့ ပွဲနေ့ကိုတော့ ကက်သလစ် အသင်းတော်ထဲ မတ်လ (၁၇) ရက်နေ့၊ အထူးသဖြင့် အိုင်ယာလန် နိုင်ငံမှာ စိန့်ပက်ထရိတ် ပွဲနေ့ကို စည်းကားစွာ ကျင်းပလာခဲ့ကြပါတယ်။
သူ့ကို အေဒီ (၃၈၉) ဗြိတိန်က ချမ်းသာကြွယ်ဝတဲ့ မိသားစုကနေ မွေးဖွားခဲ့ ပါတယ်။ သူဟာ ရောမ အမျိုးအနွယ်ရဲ့ သားတစ်ဦး ဖြစ်ပြီး သူရဲ့ မိခင်ဟာ စိန့်မာတင်းနဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူ့အသက် (၁၆) နှစ်အရွယ်မှာ အိုင်ရီစ် (Irish) သူပုန်တွေ ဝင်ရောက် တိုက်ခိုက်ပြီး စစ်သုံ့ပန်း အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားတဲ့အထဲ ပါသွား ခဲ့ပါတယ်။ ပက်ထရိတ်ဟာ သူ့ကို ခေါ်သွားတဲ့နေရာ ဒါလာရာ ဒီယာရွာသူကြီးဆီမှာ သိုးကျောင်းသား အဖြစ် (၆)နှစ် နေခဲ့ရပါတယ်။ သူဟာ မိဘတွေနဲ့ ဝေးနေတဲ့အရပ်မှာ ဝမ်းနည်းကြေကွဲ ခဲ့ရပြီး နေ့တိုင်း သိုးကျောင်းရင်းနဲ့ ဆုတောင်း ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘုရားသခင်ဆီကနေ ထွက်ပြေးပါဆိုပြီး အသံကြား ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် သူထွက်ပြေး လွတ်မြောက်ပြီး ပြင်သစ်နိုင်ငံ ရောက်သွားခဲ့ပါတယ်။ သူဟာ Brittany ရသေ့ကျောင်းမှာ နေထိုင်ရင်း ဆုတောင်းခြင်း အသက်တာနဲ့အတူ သူရဲ့ ဝိညာဉ်ရေး ပိုတိုးတက် ကောင်းမွန် လာခဲ့တယ်။
သူဟာ အီတလီနိုင်ငံ ရဟန်းဖြစ်သင်ကျောင်းမှာ လိုအပ်တဲ့ ပညာရပ်တွေ သင်ယူပြီး အေဒီ (၄၁၈) ပြင်သစ်နိုင်ငံရှိ အော့ဇီယာ (Auxerre)ရဲ့ ဂိုဏ်းအုပ်ဆရာတော်ရဲ့ လက်တော်မှာ ရဟန်း သိက္ခာ ခံယူခဲ့ပါတယ်။ အေဒီ (၄၃၂) မှာ ဂိုဏ်းအုပ် ဆရာတော်ကြီး အဖြစ် ခန့်အပ်ခြင်း ခံရပါတယ်။
ဆရာတော်ကြီး ပက်ထရစ်ဟာ အိုင်ယာလန်ကို ပြန်သွားပြီး ဆဲလ်တစ် (Celtic) လူမျိုးတွေရဲ့ ဓလေ့ ထုံးစံတွေနဲ့ သင်္ကေတတွေကို အိုင်းရီစ်တွေ ပိုနားလည်လာအောင် အသုံးပြုပြီး ခရစ်ယာန် ဘာသာတရားကို အောင်မြင်စွာ ဟောကြား နိုင်ခဲ့ပါတယ်။ ရှင်းပြရခက်ခဲတဲ့ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူ အကြောင်းကို Shamrock လို့ခေါ်ကြတဲ့ နှလုံးသားပုံစံ သုံးခု ဖြာထွက်နေတဲ့ သစ်ရွက်ငယ် အသုံးပြုပြီး ရှင်းပြခဲံပါတယ်။ အရွယ်တစ်ခုထဲ သုံးခုဖြာထွက်လာသလို ပုဂ္ဂိုလ်သုံးပါးဟာလည်း ဘုရားတစ်ဆူတည်း ဖြစ်ကြောင်း နှိုင်းယှဥ် ပြသခဲံပါတယ်။ အဲဒီအရွက်ဟာလည်း အိုင်းရီစ် လူမျိုးတွေရဲ့ ရိုးရာ ယဉ်ကျေးမှုကို ထင်ဟပ်စေတဲ့ သင်္ကေတ တစ်ခု ဖြစ်လာ ခဲ့ပါတယ်။
နောက်စိတ်ဝင်စားဖို့ ကောင်းတဲ့ စိန့်ပက်ထရိတ်ရဲ့ ပုံပြင်ကတော့ အိုင်ယာလန်မှာ မြွေတွေ ပေါများတာကို ဆရာတော်ကြီး စိန့်ပက်ထရိတ် နှင်ထုတ်နိုင် ခဲ့နိုင်တဲ့ ဆိုကြပါတယ်။ ပုံပြင်အများစုမှာ ပြောချင်တဲ့ သတင်းစကားတွေ ရှိပါတယ်။ ပုံပြင်ရဲ့ အဓိပ္ပာယ်ကတော့ မကောင်းဆိုးဝါးလို့ ယူဆကြတဲ့ မြွေတွေကို နှင်ထုတ်တယ် ဆိုတာ နတ်ဆိုးကို နှင်ထုတ်ပြီး ဘုရားသခင်ရဲ့ သတင်းကောင်း ကြောငြာ ဟောပြောခဲ့လို့ ဖြစ်ပါတယ်။
အိုင်ယာလန်ကို အောင်မြင်စွာ သာသနာပြု ခဲ့တဲ့ ဆရာတော်ကြီး စိန့်ပက်ထရိတ်ရဲ့ အနစ်နာခံ ပေးဆပ်မှုနဲ့ သူရဲ့ သာသနာပြု ဇွဲလုံ့လတွေကြောင့် သူဟာ အိုင်ယာလန် နိုင်ငံရဲ့ အလေးစားရဆုံး ရဟန္တာ တစ်ပါး ဖြစ်ပါတယ်။ အဲဒီလို အောင်မြင်စွာ သာသနာပြုနိုင်ဖို့ အစာရှောင် ဝါရှောင် ဆုတောင်း ခဲ့တာကြောင့် သူလို လိုက်ကျင့်ကြံခြင်း အားဖြင့် ဝိညာဥ်အာဟာရ ခွန်အား ရယူကြပါစို့။
စိန့်ပက်ထရိတ်၊
ကျွန်ုပ်တို့ အဖို့ငှာ
ဆုတောင်း ပေးတော်မူပါ။
✍️ထန်းဟာ, SJ
Read more: https://bit.ly/3CMXQvL
Video in Burmese: https://bit.ly/3tiA2g3
Video in English: https://bit.ly/3tjuK44