Hello Everyone! My Page is still under construction! Thank You for your visit.

#သုံးကြိမ်သုံးခါ



"မယ်တော်မာရီယာအကြောင်းသိချင်ရင်
စာချပုဂ္ဂိုလ်တွေကို မေးပါ။
မယ်တော်မာရီယာကို ဘယ်လိုချစ်ရမလဲသိချင်ရင်
ဘာသာတူတွေကို မေးပါ။"
-ပုပ်ရဟန်းမင်းကြီးဖရန်စစ်

🌀နေ့တိုင်း "ဂုဏ်ကျေးဇူးတော်" မေတ္တာသုံးပုဒ်ဆိုဖို့
ငယ်ငယ်ကတည်းက အိမ်မှာ အမေက သင်ပေးတယ်။
ဒီသဒ္ဓါကြည်ညိုမှုလေးကို
မပျက်မကွက်လုပ်ဆောင်ရင်းနဲ့ပဲ
မယ်တော်သခင်မအပေါ် ချစ်ခင်မြတ်နိုးစိတ်
ကျွန်တော့်ဆီမှာစပြီး ဖြစ်တည်လာတယ်လို့ထင်ပါတယ်။
-ပုပ်ရဟန်းမင်းကြီးဖရန်စစ်
('She is my mother' စာအုပ်မှ)

🌀တကယ်တော့
ဒီ"ဂုဏ်ကျေးဇူးတော်မေတ္တာသုံးခါဆိုခြင်း"
သဒ္ဓါကြည်ညိုမှုက
St.Mechthild of Magdeburge (1207-1282)
ဆီ မယ်တော့်ရဲ့ထင်ရှားပြခြင်းက
သန္ဓေတည်လာခဲ့တာပါ။
St.Anthony of Padua and Lisbon (1191-1231)
က ဒီသဒ္ဓါကြည်ညိုမှုကို 
၁၃ ရာစုကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး
St.Leonard of Port Maurice (1676-1751)
က သဒ္ဓါကြည်ညိုမှုပြန့်ပွားအောင်
ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

🌀ရှေးဦးဘာသာတူတွေက
မနက်ချိန်ခါနဲ့ညနေချိန်ခါတွေမှာ
ဒီ"ဂုဏ်ကျေးဇူးတော်မေတ္တာကို" 
သုံးကြိမ်သုံးခါဆိုပြီး 
ခန္ဓာကိုယ်နဲ့စိတ် သန့်ရှင်းဖြူစင်ဖို့နဲ့
သေခါနီးချိန် မယ်တော့်ရဲ့ကာကွယ်မှုရရှိဖို့
အကူအညီတောင်းခံတတ်ကြတယ်။
ဒီရိုးစင်းတဲ့သဒ္ဓါကြည်ညိုမှုလေးက
မယ်တော်သခင်မရဲ့ပုဂ္ဂိုလ်သုံးပါး(ဘုရားတစ်ဆူ)အပေါ်
ပေါင်းသင်းဆက်နွယ်မှုကို ဖော်ပြရာလဲရောက်တယ်။
"စွမ်းအားတန်ခိုး" ခမည်းတော်၊
"ဉာဏ်ပညာ" သားတော်၊
"ချစ်ခြင်း" သန့်ရှင်းသောဝိညာဥ်တော် 
ဆိုတဲ့ဂုဏ်အင်္ဂါသုံးရပ်က
မယ်တော့်ရဲ့ဘဝမှာတွေ့ရှိရသလို
မယ်တော့်ရဲ့ကြားဝင်ဖျန်ဖြေဆုတောင်းပေးမှုမှာလဲ
အမြဲတွေ့ရတတ်တဲ့ ကျေးဇူးတော်သုံးပါးဖြစ်တယ်။

🌀St.Gertrude of Helfta (1256-1302) ဆိုတဲ့
ဂျာမနီနိုင်ငံက ဘက်နဒစ်ဂိုဏ်းဝင်သီလရှင်တစ်ပါးဟာ
"ဂုဏ်ကျေးဇူးတော်" မေတ္တာကို သီချင်းနဲ့ဆိုနေတုန်း
ခမည်းတော်၊သားတော်နဲ့
သန့်ရှင်းသောဝိညာဥ်တော်ဘုရားတို့ရဲ့နှလုံးသားကနေ
တောက်ပတဲ့ရောင်ခြည်တော်အလင်းတန်း သုံးတန်းက
မယ်တော်မာရီယာရဲ့နှလုံးသားဆီ 
ဝင်ရောက်လာတာကို မြင်တွေ့လိုက်ရတယ်လို့ 
သူမရဲ့ဒိုင်ယာရီထဲမှာရေးသားထားတယ်။
အဲဒီရူပါရုံမြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲ
အသံတစ်သံကိုလဲ ကြားနာခဲ့ရတယ်။
"ခမည်းတော်ဘုရားရဲ့တန်ခိုးတော်၊
သားတော်ဘုရားရဲ့ဉာဏ်ပညာတော်၊
သန့်ရှင်းသောဝိညာဥ်တော်ဘုရားရဲ့
ချစ်ခြင်းဂရုဏာတော်တွေအပြီးမှာ
မယ်တော်မာရီယာရဲ့အစွမ်း၊ 
ဉာဏ်ပညာနဲ့သိမ်မွေ့တဲ့ချစ်ခြင်းတရားကို
ဘယ်သူတစ်ဦးတစ်ယောက်မှ 
ယှဥ်ပြိုင်နိုင်စွမ်းရှိမှာမဟုတ်ဘူး"။
(LARRAURI; PEREZ, 1996, p.18)

🌀ဒီသဒ္ဓါကြည်ညိုခြင်းဖြစ်တဲ့
"ဂုဏ်ကျေးဇူးတော်" မေတ္တာကို
သုံးကြိမ်သုံးခါ ဆိုလို့အပြီးမှာ
အောက်ပါ မေတ္တာတိုလေး နှစ်ခုထဲက
တစ်ခုကို ရွတ်ဆိုပေးဖို့
ပုပ်ရဟန်းမင်းကြီးတွေဖြစ်တဲ့
Pius IX, Leo XII, Pius X တို့က 
နှိုးဆော်တိုက်တွန်းထားပါတယ်။
*Fr.ကတော့ ပထမတစ်ခုကိုပဲ
ရွတ်ဆိုလေ့ရှိပါတယ်။

(၁)
"အို မာရီယာ၊ ကျွန်ုပ်၏မယ်တော်...
ဤတစ်နေ့တာလုံး၌/ ဤတစ်ညတာလုံး၌
ကျွန်ုပ်ကို အပြစ်ကျူးလွန်ခြင်းမှ ကာကွယ်တော်မူပါ"

(၂)
"အို သန့်ရှင်းသောမာရီယာ...
မယ်တော့်၏အပြစ်မဲ့သန္ဓေယူခြင်းနဲ့ဖြူစင်ခြင်းအားဖြင့်
အကျွန်ုပ်၏ခန္ဓာကိုယ်ကို ဖြူစင်စေ၍ 
အကျွန်ုပ်၏ဝိညာဥ်ကို သန့်ရှင်းစေတော်မူပါ"

#သည်းနယူး
#သုံးကြိမ်သုံးခါ
#၁၅မတ်၂၀၂၄