#စိန့်ပီတာကနေးရှပ်စ်
(St. Peter Canisius, SJ)
***********************
စိန့်ပီတာ ကနေးရှပ်စ်ကို ကက်သလစ် အသင်းတော်ရဲ့ သုခမိန်နဲ့ ဂျာမနီနိုင်ငံရဲ့ ဒုတိယ တမန်တော် အဖြစ် လူသိများပါတယ်။ စိန့်ပီတာကနေးရှပ်စ်ဟာ (နယ်သာလန်) ဟိုလန်နိုင်ငံရှိ ချမ်းသာသည့် မိသားစုမှ မွေးဖွားခဲ့ပါတယ်။ သူဟာ (Cologne) ကိုလိုနယ် တက္ကသိုလ် ကနေ ဥပဒေ ပါရဂူဘွဲ့ ရရှိပြီး ကက်သလစ် အသင်းတော်ရဲ့ ကာနွန် ဥပဒေ ပညာကိုလည်း (Louvain) ဘယ်လ်ဂျီယံမှာ သင်ယူခဲ့ပါတယ်။ အဲဒီအချိန် ဂျာမနီမှာ မာတင်လူသားက ပုပ်ရဟန်းမင်းကြီးရဲ့ အာဏာကို ဖိဆန် နေတဲ့အချိန် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂျက်ဇွစ် တစ်ပါး ဖြစ်လာပြီး သူအရင် စာသင်ခဲ့တဲ့ (Cologne) ကိုလိုနယ် တက္ကသိုလ်မှာ စာသင်ကြား ပို့ချပေးခဲ့ပါတယ်။ အဲဒီမြို့ရဲ့ ဂိုဏ်းချုပ် ဆရာတော်ကြီးဟာ နာမည်ဆိုး ရှိလာတာကြောင့် ဘာသာသူတွေက သူ့ကိုထုတ်ပယ်ဖို့အတွက် အဲဒီက ဧကရာဇ်မင်းထံ တောင်းခံဖို့ စိန့်ပီတာ ကနေးရှပ်စ်ကို ရွေးချယ်ခဲ့ကြတယ်။
သန့်ရှင်းသော ဝိညာဥ်တော် ဘုရားရဲ့ ကျေးဇူးတော်ကြောင့် သူ့ရဲ့မစ်ရှင် တာဝန်ကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခံပါတယ်။ စိန့်ပီတာကနေးရှပ်စ်ကို ထရန့် ဘာသာရေး အစည်းအဝေး "the Councile of Trent" မှာ ကာဒီနယ်ကြီးရဲ့ ကိုယ်စာလှယ်အဖြစ် စေလွှတ်ခြင်း ခံခဲ့ရတယ်။ အဲဒီလို သူ့ကို စေလွှတ်ဖို့ သူ့ရဲ့ဂျက်ဇွစ် အကြီးအကဲဖြစ်တဲ့ စိန့်အီဂနေးရှပ်စ်ကိုယ်တိုင် သဘောတူ ခွင့်ပြု ခဲ့တာကြောင့် ညီလာခံမှာ တက်ရောက် ခဲ့ပါတယ်။ ညီလာခံမှာ သူနဲ့အတူ သူ့ရဲ့ဂျက်ဇွစ် သူငယ်ချင်း ဂျန်ဂွပ်လိုင်းနက်စ် Jacques Laynez နဲ့ တွဲဖက်ပြီး ကက်သလစ် အသင်းတော်ကို တိုက်ခိုက်တဲ့ လွဲမှားတဲ့ အယူဝါဒ ဖြန့်မှု အကြောင်းနဲ့ အသင်းတော်ရဲ့ တရားဝင် သွန်သင်ချက် တွေကို ရေးသားပြုစုဖို့ တာဝန် ပေးအပ်ခဲ့ကြပါတယ်။ ထရန့်အစည်းအဝေး အပြီးမှာ စိန့်အီကနေးရှပ်စ်က သူ့ရဲ့အကြံဉာဏ် ပေးဖော်အဖြစ် စိန့်ပီတာကနေးရှပ်စ်ကို ရိုမမြို့မှာ ခေါ်ယူခဲ့ပါတယ်။
စိန့်ပီတာကနေးရှပ်စ်ဟာ အခြား ဂျက်ဇွစ် နှစ်ပါးနဲ့အတူ ဂျာမနီနိုင်ငံ၊ အင်ဂိုစတပ်မှာ ကော်လိပ်ကျောင်း ဖွင့်လှစ်ခဲ့ကြတယ်။ စိန့်ပီတာကနေးရှပ်စ်က တက္ကသိုလ်ကျောင်းရဲ့ ပါမောက္ခချုပ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ သူတို့ အဲဒီကို သွားတဲ့အချိန်မှာ သူတို့နဲ့အတူ စာအုပ်နှစ်အုပ်ပဲ ယူသွားခဲ့ကြပါတယ်။ အဲဒီစာအုပ်ကတော့ စိန့်အီကနေးရှပ်စ်ရဲ့ ဝိညာရေးလမ်းညွှန်စာအုပ် "the Spiritual Exercises of Saint Ignatius" နဲ့ ဂျက်ဇွစ်အသင်းရဲ့ အစီအစဥ်စာအုပ် "the famous Ratio Studiorum, or Plan of Studies of their Order" တို့ ဖြစ်ပါတယ်။
စိန့်ပီတာဟာ သူရောက်တဲ့ နေရာတိုင်းမှာ အလုပ်ရှုပ်နေခဲ့ပါတယ်။ အဲဒီအကြားမှာ ရောမဘုရင် ဖာဒီနန်လည်း ဗီယင်နာမြို့ကို ရောက်ရှိ လာခဲ့ပါတယ်။ အဲဒီမြို့မှာ ရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေရဲ့ အိပ်ရာဘေးတွေမှာ သူအလုပ်ရှုပ် နေတတ်ပါတယ်။ အလောင်းများကို ကြည့်ရှု စောင့်ရှောကခြင်းနဲ့ ကံမကောင်းတဲ့ နိုင်ငံသားတွေရဲ့ စိတ်ဝိညာဉ်ကို အသစ်တဖန် ပြန်လည် ပြုပြင်ခြင်းတွေကို ကြိုးစားလုပ်ဆောင် ခဲ့ပါတယ်။ သူဟာ ယောက်ျားလေးများအတွက် ဘော်ဒါကျောင်း (ရဟန်းဖြစ်သင်ကျောင်း) ဖွင့်လှစ်ခဲ့ပြီး ဗီယင်နာမြို့မှာ ယုံကြည်ခြင်း ပြန်လည် မွေးဖွားရှင်သန် လာစေခဲ့ပါတယ်။ ကက်သလစ် အသင်းတော်ကို ပြန်လည် အသက်သွင်းနိုင်ဖို့ ထင်ရှားတဲ့ ဘုရားစကား စာအုပ်များစွာကို ရေးသား ထုတ်ဝေခဲ့တယ်။ သူရဲ့ သက်တမ်းအတွင်းမှာ စာအုပ် ထုတ်ဝေမှုပေါင်း (၂၀၀)ကျော်ကို ဘာသာစကား အနည်းဆုံး (၁၂)ခုနဲ့ ပုံနှိပ် ထုတ်ဝေ ခဲ့ပါတယ်။ အဲဒီထင်ရှားတဲ့ ဘုရားစကားနဲ့ အသင်းတော်ရဲ့ သွန်သင်ချက်အကြောင်း စာအုပ်တွေဟာ အသင်းတော်ကို တိုက်ခိုက်တဲ့ မာတင်လူသားနဲ့ နောက်လိုက်များရဲ့ မှားယွင်းမှုတွေနောက် လူအများ မလိုက်နိုင်အောင် ကာကွယ်ပေးခဲ့ပါတယ်။
စိန့်ပီတာကနေးရှပ်စ်ဟာ သူရေးသားခဲ့တဲ့ စာအုပ်တွေကို စာရေးသူရဲ့ နာမည် မသိအောင် ကြိုးစား လျှို့ဝှက်ထားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါ။ အခြားနိုင်ငံ များစွာက သူ့ရဲ့ လုပ်ဆောင်မှုတွေကို လေးစား ဂုဏ်ပြုခဲ့ကြပါတယ်။ စိန့်ပီတာကနေးရှပ်စ်ကို စိန့်အီကနေးရှပ်စ်က ဂျာမနီနိုင်ငံရဲ့ ဂျက်ဇွစ် အကြီးအကဲအဖြစ် ခန့်အပ်ထားခဲ့ပြီး Prague, ပရာ့ဂဲ Munich မြူးနစ်နဲ့ Ingolstadt အင်ကိုစတပ်မှာ ရှိတဲ့ တက္ကသိုလ်၊ ကော်လိပ်တွေမှာ ကြိုးစား လုပ်ဆောင်ခဲ့ပါတယ်။ ၁၅၉၇ ခုနှစ် သူကွယ်လွန်ချိန်အထိ ဂျာမနီနိုင်ငံရဲ့ တမန်တော်အဖြစ် သတ်မှတ်ခံရပြီး အသင်းတော်ကို အယူဝါဒမှားယွင်းစွာ တိုက်ခိုက်သူများကို အမြဲတမ်း ဆန့်ကျင် ခဲ့ပါတယ်။ စိန့်ပီတာ ကနေးရှပ်စ်ကို ၁၉၂၇ ခုနှစ်မှာ ပုပ်ရဟန်းမင်းကြီး ပီအိုစ် XI က ကက်သလစ် အသင်းတော်ရဲ့ ဓမ္မသုခမိန်အဖြစ် တရားဝင် တင်မြှောက်ခဲ့ပါတယ်။ သူ့ရဲ့ပွဲနေ့ကို ဧပြီလ (၂၇)ရက်နဲ့ ဒီဇင်လာလ (၂၁)ရက်နေ့မှာ ကျင်းပကြပါတယ်။
အသင်းတော်ကြီးကို ဇွဲလုံ့လ အပြည့်ဖြင့် ကြိုးစား သာသနာပြုခဲ့သည့် စိန့်ပီတာကနေးရှပ်စ်၊ ကျွန်ုပ်တို့ အဖို့ငှာ ဆုတောင်းပေးတော်မူပါ။ အာမင်။
✍ထန်းဟာ,SJ
https://bit.ly/3aFJAYK
Photo credit from google image