Hello Everyone! My Page is still under construction! Thank You for your visit.

What & Why Easter Eggs? ဘာလို့ ပါစကား (အီစတာ ကြက်ဥ)လို့ ခေါ်ကြတာလဲ။

What & Why Easter Eggs? 
ဘာလို့ ပါစကား (အီစတာ ကြက်ဥ)လို့ ခေါ်ကြတာလဲ။ 
  ++++++++++++
        သူငယ်ချင်း တစ်ယောက်ကနေ မေးလာတဲ့ မေးခွန်းပါ။ ချက်ချင်းတော့ ရှင်ပြထမြောက်ခြင်းနဲ့ အသက်အသစ်ကို ပုံဖော်တယ်လို့ပဲ ဖြေလိုက်ပေမယ့် အီစတာ ကြက်ဥနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေကနေ စပြီး ကြည့်ရအောင်။ 

     ငယ်ငယ်တုန်း ကတည်းက အီစတာကြက်ဥ #EasterEgg ပါစကား ကြက်ဥ #PaschalEggs နဲ့ ပတ်သက်ပြီး အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြတာကို ကြားဖူး ပါတယ်။ အီစတာ ကြက်ဥနဲ့ ပတ်သက်ပြီး အမှတ်အရဆုံးကတော့ Easter Eggs Hunt ပါစကားည မစ္ဆားတရား အပြီးမှာ ကွယ်ရာမှာ ဝှက်ထားတဲ့ အီစတာ ကြက်ဥကို မှောင်နေတဲ့ အပင်တွေ အောက်မှာ အလုအရက် ပြိုင်ဆိုင် ရှာဖွေ ခဲ့ကြတဲ့ ပုံရိပ်ပါ။ ဘာလို့ အဲဒီလို ရှာကြသလဲ ဆိုတော့ အီစတာ ကြက်ဥပေါ်မှာ ငွေသား တန်ဖိုး ရေးထားလို့ ပါပဲ။ ရှာတွေ့သူအတွက် အီစတာ ကြက်ဥလည်း စားရသလို ငွေလည်း ရပါသေးတယ်။ ဒါကတော့ လူငယ်တွေ ပျော်ပါးဖို့ ရည်ရွယ် လုပ်ဆောင်တဲ့ ကစားနည်း ဖြစ်သလို ဒီကစားနည်းမှာ အီစတာနဲ့ ပတ်သက်ပြီး လေးနက်တဲ့ အဓိပ္ပါယ် ရှိပါတယ်။ အီစတာ ကြက်ဥ အဓိပ္ပါယ် (၅)ခုအကြောင်း စဥ်းစား သုံးသပ် ကြည့်ကြပါစို့။ 

(၁)။ သခင်ယေဇူး ဒုက္ခစရိယာခံယူချိန်မှာ သူ့ရဲ့ ဘုရားစင်စစ် ဖြစ်ခြင်းကို ဖုံးကွယ် ထားပါတယ်။ ဘဝက အမှောင်ဖုံးလွှမ်း သလိုမျိုး မျှော်လင့်ခြင်း မှေးမှိန်ချိန် ဖြစ်တယ်။ သခင်ယေဇူးရဲ့ တပည့်တော်တွေလည်း ကြောက်လန့်ပြီး ထွက်ပြေး ကြတယ်။ ဒါပေမဲ့ သခင်ယေဇူး သေခြင်းကို အောင်မြင် ရှင်ပြန်ထမြောက်လာချိန်၊ အထူးသဖြင့် သန့်ရှင်းသော ဝိညာဥ်တော် ဆင်းကြွလာချိန်မှာတော့ ဝိညာဥ်အာဟာရ ခွန်အားတွေ ပြည့်ဝ လာကြသလို အရင်က သခင်ယေဇူးရဲ့ တရား ဒေသနာတော် တွေကိုလည်း ပိုပြီး နက်နက်ရှိုင်းရှိုင်း သိမှတ်၊ သက်သေခံ ခဲ့ကြပါတယ်။ ဒါကြောင့် ဝှက်ထားတဲ့ အီစတာ ကြက်ဥ ရှာဖွေ ကစားချိန်မှာ မှုန်ဝါး မှောက်မဲနေတဲ့ နေရာမှာ အပြိုင်အဆိုင် ရှာဖွေရင်း အီစတာ ကြက်ဥ ရှာတွေ့ချိန်မှာ ပျော်ရွှင် မြူးထူး နေကြတဲ့ လူငယ်တွေကို တွေ့ကြ ရပါတယ်။  

(၂)။  ကြက်ဥရဲ့ သဘောသဘာဝက Fertility မျိုးပေါက်ပွား အောင်ခြင်းနဲ့ Rebirth ဘဝသစ် တစ်ဖန် စတင်ခြင်းကို ဖော်ညွှန်းတယ်။ ဒါကြောင့် ခရစ်ယာန်တွေအတွက် အီစတာ ကြက်ဥက သခင်ယေဇူးရဲ့ သေခြင်းကို အောင်မြင် ကာ ရှင်ပြန် ထမြောက်ပြီးတဲ့ သ်ချိုင်း အုတ်ဂူ အလွတ် (ဗလာ)ကို ဖော်ညွှန်းတယ်။ ပြီးတော့ ကြက်ဥကနေ မျိုးပေါက်ပြီး ကြက်ကလေးတွေ ရရှိပါတယ်။ ကြက်ဥကနေ ကြက်ကလေး ဘဝပြောင်း သွားကြတယ်။ ကြက်ဥကို ခွဲလိုက်ခြင်း အားဖြင့် ကြက်ဥအနှစ် ထွက်လာသလို သခင့်ယေဇူး သ်ချိုင်းဂူ ပွင့်ပြီး ပြန်ရှင်လာတာကို ဖော်ညွှန်း ကြပါတယ်။ တချို့ပုံတွေမှာ ကြက်ဥ တစ်ခြမ်းကနေ ကြက်ကလေး ထွက်လာတဲ့ ပုံကို ရေးဆွဲကြတယ်။ သခင်ယေဇူးကို ယုံကြည်ပြီး သူ့နောက်လိုက်တွေဟာလည်း သခင်ယေဇူးလို ရှင်ပြန် ထမြောက်ပြီး ထာဝရ အသက်ကို ရရှိကြမှာ ဖြစ်တယ်။ 

(၃)။ တချို့က အီစတာ ကြက်ဥကို နီရဲနေအောင် ဆေးခြယ်လှယ် ပြင်ဆင် ကြတယ်။ အဓိပ္ပါယ်ကတော့ သခင်ယေဇူး ဒုက္ခစရိယာ ခံယူနေချိန် သံမှိုနဲ့ ရိုက်ချိန် ယိုစီးလာတဲ့ သခင်ယေဇူးရဲ့ အသွေးကို အမှတ်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အီစတာ ကြက်ဥက အဖိုးထိုက်လှတဲ့ သခင်ယေဇူးရဲ့ အသွေးတော်ကို ပြန်အောက်မေ့ သတိရ စေတယ်။ အီစတာ ကြက်ဥ အသုံးပြုတာကို မက်ဆို ပိုတေးမီယားမှာ စတင်ခဲ့ပြီး အနောက် ဥရောပ နိုင်ငံတွေမှာ အီစတာ ကြက်ဥကို ပုံစံ အမျိုးမျိုး ပုံဖော် အလှဆင်တာ ခေတ်စားပါတယ်။ 

(၄)။ ပုံပြင်တွေ ရေးသားတဲ့ ပေါလ်ဗဲလ်ထရာနို အဆိုအရ ဟိုအရင်တုန်းက ဝါတွင်း ဥပုသ်ကာလအတွင်း ကြက်ဥ မစားခိုင်းပါဘူး။ ဒါကြောင့် ဝါကျွတ်၊ အီစတာညမှာ ကြက်ဥတွေကို ကောင်းကြီးပေးဖို့ ယူလာကြတဲ့ ဓလေ့ကနေ စတင်တယ်လို့ ဆိုပါတယ်။ တကယ်တော့ ကျမ်းချက်အရ ဝါတွင်းကာလမှာ ကြက်ဥစားဖို့ တားမြစ်တာ- ခွင့်ပြုတာ ဘာမှ မရှင်းပြ ထားပါဘူး။ နောက်ပိုင်းမှာ အသင်းတော်က ဝါတွင်းကြက်ဥစားတာကို ခွင့်ပြုလာတယ်။ အခုခေတ်မှာတော့ အီစတာ ကြက်ဥကို အရောင်စုံ ခြယ်သပြီး အလှဆင်ခြင်း၊ အီစတာ စာသားရေးခြင်းနဲ့ ချောကလက် အချိုတွေနဲ့ အလှဆင် လက်ဆောင် ဖလှယ်ခြင်း စသဖြင့် အမျိုးမျိုး ပုံဖော်ကြတာ တွေ့ရပါတယ်။ တချို့က မိမိဖြစ်ချင်တဲ့ အရာ၊ လိုချင်တဲ့ဆုတွေကို အီစတာ ကြက်ဥမှာ ရေးပြီး အလှဆင်ကြတယ်။ အခြားသူတွေကို ဆုတောင်းစာတွေ၊ ကျမ်းချက်တွေနဲ့ ဆုံးမစာတွေ အီစတာ ကြက်ဥပေါ် ရေးသားပြီး လက်ဆောင် ဖလှယ်ကြတယ်။  

(၅)။ အီစတာ ကြက်ဥက ခရစ်ယာန်တွေရဲ့ ယုံကြည်- မျှော်လင့်ခြင်း ပြည့်ဝ လာခြင်းကို ဖော်ဆောင်တယ်။ စိန့်ပေါလ် ဟောကြားခဲ့သလို သခင်ယေဇူး ရှင်ပြန်ထမြောက်ခြင်း မရှိခဲ့ရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းက အချင်းနှီး (အလကား)ဖြစ်မှာပါ။ ကြက်ဥကနေ ကြက်ကလေး ဘဝပြောင်းလဲ ပေါက်ဖွားလာသလို ကျွန်ုပ်တို့ရဲ့ ဘဝဟာလည်း အပြစ်သား ကယ်သူမဲ့ အမှောင်ဖုံးနေတဲ့ ဘဝကနေ သခင်ယေဇူးကို သက်ဝင် ယုံကြည်ပြီး ကယ်တင်ခြင်း သတင်းကောင်း ဖြန့်ဝေ သက်သေခံ နိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်မှ ယခုဘဝမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေအကြား ဘုရားသခင်ရဲ့ ကျေးဇူးတော်နဲ့ ဖြတ်ကျော်ပြီး နောင် တမလွန်မှာ သခင်ယေဇူးနဲ့အတူ ဘုံတော် ခံစားရမှာ ဖြစ်ပါတယ်။ 

နောက်တစ်ခု စိတ်ဝင်စားဖို့ ကောင်းတာက ကျွန်ုပ်တို့ သခင်ယေဇူးကို ယုံကြည်ပြီး လက်တွေ့ ပါရမီ ကျင့်ကြံမှ ကောင်းတင်နိုင်ငံ ဆုလာဘ်ကို ရရှိကြတာ ဖြစ်ပါတယ်။ ထိုနည်းတူ တချို့မိဘတွေက လိမ္မာ ကောင်းမြတ်တဲ့ ကလေးတွေကို ဆုချကြတယ်။ ဥပမာ - ပညတ်တော်တွေ လိုက်ကျင့်ပြီး လိမ္မာရင် မိဘပြောစကား နားထောင်ရင် အီစတာယုန် (အီစတာဘိုးနီ) ကနေ အီစတာ ကြက်ဥနဲ့ လက်ဆောင်တွေ လာပေးမယ်လို့ ပုံပြင်ပြောပြပြီး ကလေးတွေကို တိတ်တခိုးနဲ့ လက်ဆောင် ပေးကြတယ်။ 

နောက်ဆုံးအနေနဲ့  ဘယ်သူတွေ ဘယ်လိုပဲ ပုံဖော်ပြီး အီစတာ ကြက်ဥအကြောင်း အမျိုးမျိုး ပြောနေကြပါစေ။ အဓိကတော့ ဘယ်လို ရိုးရာယဥ်ကျေးမှုပဲ ဖြစ်ဖြစ် မိမိရဲ့ ယုံကြည်ခြင်းကို ပိုအားကောင်းစေဖို့၊ ဝိညာဥ်အာဟာရ ခွန်အား တိုးစေဖို့နဲ့ လူအများအဖို့ ကောင်းကျိုး ချမ်းသာ ဖြစ်စေဖို့အတွက်ပဲ ရည်ရွယ် လုပ်ဆောင် သင့်ပါတယ်။ 

✍️ထန်းဟာ,SJ   

#EasterEggsHunt #EasterEggsMeaning